ပြည်ဒေသ ရဲ့ အနာဂတ်တော်လှန်စစ်

ပြီးခဲ့တဲ့ရက်က ဗကသများအဖွဲ့ချုပ်က ထုတ်ဝေတဲ့ အိုးဝေ မဂ္ဂဇင်းမှာ စိတ်ထဲစွဲမိနေတဲ့ စကားရပ်တစ်ခု ဖတ်မိလိုက်တာ ရှိပါတယ်။ “စစ်အာဏာရှင်ဆန့်ကျင်ရေးအလံဆိုတာ ကိုင်ခါစမှာတော့ခပ်ပေါ့ပေါ့ပဲတဲ့။ တဖြည်းဖြည်းနဲ့မှ ကြာလေ လေးလေ ဖြစ်လာတာတဲ့”။

လေးသထက်လေးလာတဲ့ အခါ ဒီအလံကို ဆုတ်ကိုင်ထားဖို့ မဖြစ်နိုင်တော့တဲ့အခါ လွှတ်ချလိုက်ရတာတွေရှိပါတယ်။ သဘာဝလည်းကျပါတယ်။

ဒါပေမယ့် ဘက်ပြောင်းတာ၊ စစ်တပ်နဲ့ပူးပေါင်းသွားတာမျိုးကိုတော့လက်မခံနိုင်ပါဘူး။ တော်လှန်ရေး စတင်ခါစက စစ်တပ်က သူတို့ကို ဆန့်ကျင်ကြောင်းထုတ်ဖော်ပြောသူလမ်းပေါ်ထွက်ဆန္ဒပြသူ တွေကိုသာ ဖမ်းဆီးသတ်ဖြတ်ခဲ့ပေမယ့်၊ ဒီအချိန်မှာ “ကြားနေ” ဆိုသူတွေရဲ့ အိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲတာ၊ လမ်းမှာဆီးဖမ်းပြီး ပေါ်တာဆွဲတာတွေအထိ လုပ်လာတာကြောင့် အခု “ကြားနေ” ဆိုသူတွေလည်း ကြား​နေလို့ မရတော့ပါဘူး။ မတရားမှုကို လက်ပိုက်ကြည့်နေခဲ့လို့ မတရားမှုက ကိုယ့်အိမ်တံခါးဝကို လာခေါက်တဲ့သဘောပါပဲ။

တိုက်ပွဲရဲ့အဆုံးအဖြတ်ပိုင်းကို ရောက်လာလေလေ ပြည်သူလူထုအပေါ် ပိုပြီးရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ ဖိနှိပ်လာလေလေ ဖြစ်မှာပါ။
ပြည်မြို့မှာ စစ်ရိပ်သမ်းလာတာကို ပြည်မြို့ခံလူထု တစ်ရပ်လုံးသိကြပါတယ်။

အဓမ္မဖမ်းဆီးပေါ်တာဆွဲ ရှေ့တန်းပို့တာတွေကို နေ့မရှောင် ညမရှောင်လုပ်လာတယ်။ စစ်ဘေးရှောင်တွေ တဖွဲဖွဲ ရောက်လာကြတယ်။ အမ်း”နပခ”လည်း AA က သိမ်းပိုက်လိုက်ပြီ။ ပြည်ခရိုင်နဲ့ နီးတဲ့ တောင်ကုတ်မြို့နယ်ကိုလည်း ထိန်းချုပ်လိုက်ပြီ။

အရင်တော်လှန်ရေးအစက “ပြည်က ဘာမှမလုပ်ကြဘူး”လို့ ဒေသအသီးသီးက ရဲဘော်တွေ ကျနော်တို့ကို ဝိုင်း ဝေဖန်ကြပါတယ်။အမှန်က ပြည်မြို့ရဲ့ အနီးမှာ လွတ်မြောက်နယ်မြေ မရှိတာပါ။ လွတ်မြောက်နယ်မြေနဲ့ နီးတဲ့ဒေသတွေမှာ တော်လှန်စစ်အရှိန် ပိုကောင်းတာကို စစ်ကိုင်း မန္တလေးလို ဒေသတွေက သက်သေခံနိုင်ပါတယ်။

ပြည်မြို့နဲ့ နီးကပ်တဲ့ လွတ်မြောက်နယ်မြေ ရှိလာတာဟာ ပြည်မှာ တော်လှန်ရေး စစ်ရိပ်စစ်ငွေ့ သမ်းလာတာပါပဲ။ ပြည် မင်းကြီးတောင်ပေါ်မှာ လက်နက်ကြီး အထိုင်စခန်းပြင်တာ၊ ပြည် ဒကစ မှာ ယတြာ တွေ ချေနေကြတာဟာ မကြာခင် တော်လှန်ရေးတပ်သားတွေရဲ့ သေနတ်သံတွေ ပြည်မြို့ပေါ်မှာ ကြားရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဖက်ဆစ်တပ်က ခံစစ်​​ပြင်ဆင်နေရင် ဒေသခံလူထုကလည်း ဖက်ဆစ်တပ်ကို ဖြိုချနိုင်ဖို့ ထိုးစစ်အတွက် အဆင်သင့် ပြင်ရပါမယ်။ လူငယ်တွေအနေနဲ့ နီးစပ်ရာတော်လှန်ရေး အင်အားစုတွေကို ဆက်သွယ် တောခိုသင့်သလို မဖြစ်မနေကျန်ခဲ့ရမယ့် လူထုအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရပါမယ်။

စစ်တပ်ကို တော်လှန်တိုက်ခိုက်မယ့် မြေအောက်တော်လှန်ရေးသမားတွေကို တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် အကူအညီပေးရပါမယ်။ ဘာမှမလုပ်နိုင်ရင်တောင် အနည်းဆုံး Click နေလို့ရပါတယ်။

အောင်ပွဲဟာ တိုက်ရဲသူတွေအတွက် ဖြစ်ပါတယ်။ ပြည်မြို့ခံတွေ တိုက်ရဲ တော်လှန်ရဲရင် ပြည်မြို့ဟာလည်း အခြားလွတ်မြောက်ပြီး မြို့ပေါင်း(၉၀)ကျော်လိုပဲ လွတ်မြောက်ဒေသ ဖြစ်လာပါမယ်။

ဒီတော်လှန်ရေးဟာလည်း လူတစ်စုတော်လှန်ရေးမဟုတ်ဘဲ လူထုတော်လှန်ရေး ဖြစ်ပါတယ်။လူထုတစ်ရပ်လုံး နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်မှသာ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

သုံးနှစ်ကျော် လေးနှစ်နီးပါးကပ်လာပြီး အင်မတန်လေးလံလှတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအလံတော်ကို လူထုက နောက်ဆုံးအချိန်ထိ ခိုင်ခိုင်မာမာလွှင့်ထူထားရင် ဖောက်ပြန်တဲ့စစ်အုပ်စု ကျဆုံးခန်းကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

ပြည်သူထက် ကြီးမြတ်လေသောအရာ မရှိပါ။

ရေးသားသူ – ရဲဘော်ထက်မြက်

You may also like these