

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဇီရွာတပ်စခန်းကနေ လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့လို့ ချင်းကာကွယ်ရေးတပ်(CDF-Asho) က ယနေ့ မေလ ၁ ရက်နေ့ နံနက်မှာပဲ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့တာဖြစ်ပြီး နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းရဲ့ ကာကင်းဖြစ်တဲ့ ပဇီရွာတပ်က ထွက်လာတဲ့ စစ်သား ၂၀ ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတပ်သားတွေဟာ ကပစ-၁၃ က တပ်သားတွေဖြစ်ပြီး ကားလမ်းလုံခြုံရေးဆောင်ရွက်ဖို့ လာရောက်ကြတာဖြစ်ကာ တိုက်ခိုက်ခံရတဲ့အတွက် တပ်ဖွဲ့ဝင်(၉) ဦးသေဆုံးပြီး လက်နက်ငယ်(MA) (၉) လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပဇီဘုန်းကြီးကျောင်းမှာတော့ တပ်မ(၉၉)၊ ကပစ(၂/၁၀/၁၃/၁၄) တို့က တပ်ဖွဲ့ဝင် ၁၃၀ ခန့် တပ်စွဲထားပြီး ပြည်သူတွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကို ထုတ်ယူရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။