ရွှေတောင်က ရွာတွေမှာ စစ်မှုထမ်းကင်းလွတ်ဖို့ ငွေဆက်ကောက်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်မှုထမ်းကင်းလွတ်ဖို့နဲ့ ထောက်ပံ့ဖို့ဆိုပြီး ငွေကြေးကောက်ခံနေဆဲပဲလို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေတောင်မြို့နယ် ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာ နဲ့ ဆင်ကျွန်းကျေးရွာတွေမှာ ယမန်နေ့ မေလ ၁ ရက်နေ့ ညနေက ၁ အိမ်ထောင်ကို ကျပ် ၃၅၀၀၀ စီ ကောက်ခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာသားတွေက မထည့်ပေးချင်တော့ဘူး။ လတိုင်းအသုဘစားရိတ်ထည့်ပေးနေရတာ။” လို့ ဒေသခံအမျိုးသမီးတဦး ကပြောပါတယ်။
ဒါ့အပြင် သောင်ပြင်ကုန်းကျေးရွာအုပ်စုထဲက သောင်ပြင်ကုန်းရွာနဲ့ ကန့်လန့်ကုန်းရွာတွေမှာလည်း ဧပြီလ ၃၀ ရက်နေ့က ၁ အိမ်ထောင်ကို ကျပ်၂၅၀၀၀ ကိုကောက်ခံ ခဲ့သေးတယ်လို့ သိရပါတယ်။

“စားဝတ်နေရေးခက်ခဲနေသူတွေ အတွက်က ပိုဆိုးတယ်။ ကိုယ်စားဖို့ထက် သူတို့ကိုပဲ ထည့်ပေးနေရတယ်။ လတိုင်းပဲ အုပ်ကြီးတွေကလည်း သူတို့မျက်နှာရဖို့အတွက်ပဲ ကြည့်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ရှားပင်ကုန်းကျေးရွာမှာ အိမ်ခြေ ၇၃ အိမ်ရှိပြီး ဆင်ကျွန်းကျေးရွာမှာတော့အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေဆီက သိရပြီး စစ်မှုထမ်းကင်းလွတ်ဖို့အတွက် လစဉ်ပေးဆောင်နေရတာလို့ ဆိုပါတယ်။

You may also like these