နတ္တလင်း၊ ဒမငယ်ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၆၀ မမအပါ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်၊ အရှေ့ဘက် ဒမငယ်ကျေးရွာမှာရှိတဲ့ရဲကင်းစခန်းကို လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ယနေ့ မေလ ၂ ရက်နေ့ ၃ နာရီ ၅၀ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိတွေ့ပစ်ခတ်မှု ၁ နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

“တပ်ရင်း ၃၈၀၁ က တပ်ခွဲ ၂ ရယ် တပ်ခွဲ ၆ ရယ် မြို့နယ်ပကဖရယ် သုံးဖွဲ့ပေါင်း သုံးဖွဲ့က သူတို့ရဲ့အနေအထားကို ထောက်ပြီး သွားပစ်တာပေါ့ အကုန်ထွက်ပြီးတော့ ၂ ကောင်သေတယ် အကုန်ထွက်ပြေးတော့ သေတဲ့ကောင်တွေရဲ့ သေနတ်ရယ် ထွက်ပြေးတဲ့ကောင်တွေရဲ့ သေနတ်ရယ်ရတယ်။” လို့ သာယာဝတီခရိုင်ပကဖ တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ဆေးရုံအရောက်မှာ ၁ ဦးသေဆုံးပြီး ကာဘိုင် ၃ လက်၊ MA 3 ၁လက်၊ G3 ၁လက်၊ ၆၀ မမ စိန်ပြောင်း ၁လက်၊ ၆၀ သီး ၉ လက်၊ ယာဉ်ဖျက်မိုင်း ၄ လုံး၊ ပလတ်စတစ်နင်းမိုင်း ၅ လုံး၊ G3 ကျည် အတောင့် ၁၂၀ တို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ၂၂၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ(၂)၊ တပ်ခွဲ(၆)၊ နတ်တလင်း ပ.က.ဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ဒမငယ် ဟာ နတ္တလင်းမြို့အရှေ့ဘက် ကျေးရွာအုပ်စုရွာဖြစ်ပြီး တိုက်နယ်ရဲကင်းထိုင်ခဲ့ကာ နတ်တလင်း ဒမငယ် တောင်ညို ကားလမ်းနံဘေးတည်ရှိပြီး နတ်တလင်း နဲ့ ဒမငယ် ၆ မိုင်၊ ဒမငယ် နဲ့ တောင်ညို့မြို့သစ် ၂ မိုင်ကွာဝေးကာ တောင်ညို့မြို့သစ်မှာတော့ ရဲတပ်ဖွဲ့စခန်းမှူးထိုင်တယ်လို့ ဒေသခံက ဒို့ပြည် ကိုပြောပါတယ်။

You may also like these