ပန်းတောင်းမှာ PDF ထောက်ပံ့စွပ်စွဲချက်နဲ့ ထင်းခွေရောင်းရတဲ့ အမျိုးသမီးကိုဖမ်းဆီး၊ စစ်မှုထမ်းအတွက် လူငယ် ၃ ဦးကိုလည်း ဖမ်းထား

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထဲမှာ ဖမ်းဆီးမှုတွေကို ဆက်တိုက်ဆိုသလို ပြန်လည်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဒို့ပြည် ကိုပြောပါတယ်။

ပန်းတောင်းမြို့နယ်၊ ကြိုးကြာအုပ်စု၊ ကြာအင်းကျေးရွာက မနီနီဝင်း ဆိုတဲ့ အမျိုးသမီးတဦးကို PDF ထောက်ပို့ဆိုပြီး မေလ ၁ ရက်နေ့က ရဲသား၊ ရဲမေတွေအပါအဝင် အင်အားသုံး ဝင်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာ သူတို့ရွာက တရွာလုံး ထောက်ခံတာတောင် မရဘူး။ အတင်းဆွဲသွားတာ မနီနီဝင်း က စာလည်း ကောင်းကောင်း မတတ်ပါဘူး။ PDF ထောက်ပံ့ဖို့ နေနေသာ သူတို့လင်မယားတွေမှာ ထင်းခွေ ထင်းရောင်းပြီး ထမင်းစားနေရတာ” လို့ ဒေသခံတဦး က ဒို့ပြည် ကိုပြောပါတယ်။

မနီနီဝင်းကိုတော့ ပန်းတောင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး ပြီးခဲ့တဲ့ မေလ(၄) ရက်နေ့ကတော့ ပြည်စစ်ကြောရေးကို ပို့ဆောင်မယ်လို့ သတင်းရပေမဲ့ ပို့မပို့ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက်ဆိုပြီး ယနေ့ မေလ ၅ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပန်းတောင်း၊ နတ်မောက်ရွာက လူငယ် ၃ ဦးကို ဖမ်းဆီးသလို အခြားကျေးရွာအုပ်စုတွေက လူငယ်များစွာကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အိမ်စီးကားတွေနဲ့ အစောကြီးလိုက်ဆွဲနေတာ။ အကုန်ပါသွားကြတယ်။ မိဘတွေက ရင်ကျိုးတာပေါ့ဗျာ။ စကစ ကလူမဆန်ဘဲအခုလို အဓမ္မလိုက်ဖမ်းနေတာ။” လို့ မြို့ခံတဦး က ပြောပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ်တွေကိုတော့ မိဘဖြစ်သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လိုက်လံညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ဒီဖမ်းဆီးမှုတွေကို သတင်းပေးအကြီးစား ဖြူကျဲ တို့က သတင်းပေးလုပ်ဆောင် နေတာလို့ ဆိုပါတယ်

You may also like these