

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ထူးကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဦးလှအောင်ဟာ ပစ်ခတ်ခံရလို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
ယနေ့ မေလ ၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က အုတ်ဖိုမြို့နဲ့ တမိုင်သာဝေးတဲ့ နေရာ ဖြစ်တဲ့ ထူးချောင်းရွာလမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ ဦးလှအောင် (အသက် ၅၄ နှစ်) ကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအာက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲ့ ရဲဘော်တွေက သေနတ်နဲ့ ဦးခေါင်းကို အနီးကပ် ၁ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ တပ်ခွဲမှူးရဲဘော်ဒေဝ က ဒို့ပြည် ကို ပြောပါတယ်။
“စစ်မှုထမ်း ဥပဒေ မတိုင်ခင်က စကစ ကို ဘုရားလိုကိုးကွယ်တယ်။ အပြစ်မရှိတဲ့ ပြည်သူအပေါ် အနိုင်ကျင့်တယ် စစ်မှုထမ်း ဥပဒေ ပေါ်လာတော့ အပတ်စဥ် ၁ ကစပြီး ခု ချိန်အထိ ငွေရမှန်းသိလာတော့ ပြည်သူကို မခန့်လေးစားနဲ့ နွားအရောင်းဝယ် လုပ်သလို ငွေညှစ် လူအရောင်းဝယ် လုပ်နေခဲ့တာ။ ပြည်သူခမျာ သူ့ကြောင့် အိမ်ပြင်ထွက်အိပ်နေကြရတာ ကြာပါပြီ။” လို့ သူက ဆက်ပြောပါတယ်။
ဦးလှအောင်ဆီက မိုလ်ဘိုင်းဖုန်း ၁လုံးနဲ့ ငွေသား ၁ သောင်းကျပ်သိမ်းဆည်းရမိခဲ့ပြီး အခင်းဖြစ်ရာနေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ထွက်နိုင်တဲ့ လမ်းမှန်သမျှကို ပိတ်ဆို့ရှာဖွေ နေကြတယ်။ မဆိုင်တဲ့လူတွေကို ဖမ်းဆီးစစ်ဆေးပြီး သရုပ်ပြနေကြတာ” လို့ တပ်ခွဲမှူးရဲဘော်ဒေဝ က ပြောပါတယ်။
ဦးလှအောင်ဟာ ဒေသတွင်းလူထုဆီက စစ်မှုထမ်းကြေးကောက်ခံတာ၊ မပေးတဲ့လူငယ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စိန်ခေါ်တာတွေ ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ဒို့ပြည် အနေနဲ့ အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က အုတ်ဖို့မြို့နဲ့ (၁) မိုင်သာ ဝေးတဲ့ ငါးရှဉ့်ရိုးရွာအလှူမှာရောက်ရှိနေတဲ့ ငါးရှဉ့်ရိုးအုပ်စုအုပ်ချုပ်ရေးမှူး ဦးနိုင်ဦး ကိုလည်း UGF OKPO အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။