

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သမ္ဘရာရွာ အုပ်ချုပ်ရေးမှူးသီဟဇော်(ခ) ကိုသူ ဟာ ယမန်နေ့ မေလ ၆ ရက်နေ့ ညပိုင်းမှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ည ၁၁ နာရီဝန်းကျင်ခန့်က နေအိမ်မှာ ရှိနေတဲ့ သီဟဇော် ကို လူ ၂ ဦးက ရွာအပြင်ခေါ်ထုတ်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“နေအိမ်ကနေ လူနှစ်ယောက်လာခေါ်တာ။ ပစ်သတ်တာက ရွာအပြင်မှာ။ အုပ်စုတွေရပ်ရွာတွေ လူစုငွေကောက်သူက စစ်–တွေနဲ့ အမြဲလိုက်တာတဲ့” လို့ ဒေသတွင်းနဲ့ နီးစပ်သူ တဦးက ဒို့ပြည် ကိုပြောပါတယ်။
သေဆုံးသွားတဲ့ သီဟဇော် အလောင်းကိုတော့ ယနေ့ မေလ ၇ ရက်နေ့ နံနက် ၉ နာရီအထိ ဘယ်သူမှ လာမယူသေးဘူးလို့ ဆိုပါတယ်။
“အလောင်းကမကောက်ရဲသေးဘူး။ ရေနံ့သာစခန်းကလည်းမီးရှို့ခံထားရတာ။ နီးပေမဲ့ခေါ်မရတာလား လာမဲ့သူမရှိတာလား မသိဘူး မလာကြတာ” လို့ ဒေသတွင်းနဲ့ နီးစပ်သူက ပြောပါတယ်။
အခုပစ်ခတ်မှုကို ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာကို မသိရသေးပါဘူး။ ရေနံ့သာ၊ ပုညို၊ သမ္ဘရာရွာ တို့ဟာ တစပ်ဆက်တည်းတည်ရှိနေပြီး သမ္ဘရာရွာ ကတော့ မင်းတုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် ယခင်အိမ်ခြေ ၃၀၀ ခန့်ရှိရွာကြီးကနေ ရွာဟောင်းမှာ အိမ်ခြ ၂၀ ခန့်ပဲကျန်ရှိပြီး ရွာသစ်ဘက်ကို ပြောင်းရွေ့နေကြတာဖြစ်ကာ အုပ်ချုပ်ရေးမှူးသီဟဇော် နေအိမ်ကတော့ ရွာသစ်တာလမ်းဘေးမှာရှိတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ရေနံ့သာတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တပ်ခွဲ (၁) နဲ့ တပ်ခွဲ (၂) တို့ ပူးပေါင်းပြီး စီးနင်းသိမ်းပိုက် မီးရှို့ခဲ့ကြပါသေးတယ်။