ပဲခူးရိုးမထဲမှာ PDF တပ်ခွဲမှူး ၁ ဦးနဲ့ ရဲဘော် ၁ ဦး ဖမ်းဆီးခံရ၊ တပ်ခွဲမှူးအကောင့်နဲ့ စကစ ဘက်က ဆက်သွယ်တာတွေရှိလို့ သတိထားကြဖို့လို

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပဲခူးရိုးမ၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ တပ်ခွဲမှူးဗိုလ်မိုးကြိုးလေး နဲ့ ရဲဘော် ၁ ဦးတို့ဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ယမန်နေ့ မေလ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က အုတ်တွင်းအပိုင် ကြက်မနက် တာဝါတိုင်ဂိတ်စခန်းကို မစ်ရှင်ပြုလုပ်ဖို့အသွား အဝိုင်းခံရတာလို့ သိရပါတယ်။

“ဖမ်းဆီးခံရတာသေချာပါတယ်။ ဗိုလ်မိုးကြိုးလေး အကောင့်ကနေတဆင့် တော်လှန်ရေးအဖွဲ့တွေဆီကို စစ်–တွေက လိုက်ဆက်သွယ်နေတယ်။ အဲဒါသတိထားကြဖို့လိုအပ်ပါတယ်” လို့ သာယာဝတီခရိုင်တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦး က ပြောပါတယ်။

မစ်ရှင်သွားရောက်ခဲ့သူတွေထဲက အခြားသူများလွတ်မြောက်ခဲ့ပြီး ဒေသတွင်းမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
အခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ မြေပြင် တော်လှန်ရေးရဲဘော်တွေအနေနဲ့ အင်အားများပြား စိတ်အားထက်သန်ကြတဲ့အတွက် ထောက်ပို့ပြည်သူတွေဆီက အမျိုးမျိုးချဉ်းကပ်ကာ ငွေစု လက်နက်ခဲယမ်း ဝယ်ကာ သယ်ယူရတာရှိပီး လက်နက်နည်းပါးစုဆောင်းချင်တဲ့အတွက် ဖြစ်နေရတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။

“ဒီကိစ္စအပေါ်မှာ သက်ဆိုင်ရာတာဝန်ရှိတဲ့ NUG, MOD ဘက်ကနေ မြေပြင်မှာရှိတဲ့ရဲဘော်တွေဆီကို လက်နက်ဖြည့်တင်းနိုင်ဖို့ကြိုးစားပေးကြပါ။ လက်နက်လည်းပံ့ပို့းဖို့လိုသလို ရောက်ရှိဖို့ကိုလည်း အကောင်းဆုံးစီမံပေးကြပါ။ ဒီလိုမဟုတ်ဘူးဆိုရင် ကျနော်တို့ အဖိုးတန်တဲ့ တော်လှန်ရေးရဲဘော်တွေဟာ မတော်လှန်ရေသးဘဲ လက်နက်ခဲယမ်းစုနေရတာနဲ့ အချိန်ကြာတယ် အသက်တွေပေးရတယ်။ ဘဝတွေလည်း စုတ်ပြတ်သတ်နေပြီ” လို့ သာယာဝတီခရိုင်တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦး က ဒို့ပြည်ကို ပြောပါတယ်။

တပ်ထောက်၊ တပ်ရေးတွေ အနေနဲ့ တကယ်ထောက်ပံံ့ပြီး တော်လှန်ရေးမှာ တကယ်တော်လှန်နေတဲ့ ရဲဘော်တွေကို ကူညီပံ့ပိုးဖို့လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတပ်ဖွဲ့အဖွဲ့အစည်းတွေက ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖော်ဆောင်ရာမှာ လက်နက်ခဲယမ်းရရှိနိုင်ဖို့ကို ဦးစားပေးလုပ်ဆောင်ရတာတွေ ရှိနေပြီး ပူးပေါင်းစစ်ဆင်ရေးတချို့မှာလည်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းခွဲဝေရေး မပြေလည်မှု တချို့ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ဆီက သိရပါတယ်။

You may also like these