

ခုတလောသတင်းတွေထဲ မအလကြီးရဲ့ရုရှခရီးစဥ်အကြောင်းချည်းပြည့်နေလေရဲ့။ ဖတ်နေရင်း တခါတုန်းက ရွာတရွာက သားအဖ ၃ ယောက်အကြောင်းသတိရမိပါသေးရဲ့။ သားအဖ ၃ ယောက်မှာ အလတ်ကောင်က မိုက်ကန်းကန်း။ မိဘတွေကိုယ်တိုင်တောင် သားကိုပြန်ကြောက်နေရတာကိုး။
တနေ့တော့ ညီအကို ၂ ယောက်ရန်သတ်ရောဗျို့။အငယ်ကောင်က လူကောင်ခတ်ထွားထွားရယ်။ဒီတော့ အလတ်ကောင်နဲ့လုံးကြထွေးကြလည်းဖြစ်ရော အငယ်ကောင်ကချည်းအပေါ်ကဖြစ်နေတာပေါ့။ အဲဒီအခါသူတို့အဖေက ဟကောင်တွေဟကောင်တွေနဲ့ ဝါးရင်းတုတ်တကားကားနဲ့ခွဲပေးတာပေါ့။ အမှန်တော့ခွဲပေးသလိုလိုနဲ့ အလတ်ကောင်ကို ဝင်သမတာဗျို့။ အခုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာကြည့်လိုက်ရင် ကျုပ်တို့မြန်မာပြည်သားတွေမှန်သမျှ ဝါးရင်းတုတ်တကားကားနဲ့ချည်းပဲဗျ။
ယူကရိန်းသမ္မတဇလန်စကီးက ရင်ပြင်နီပွဲတက်မယ့်ဆရာသမားများရဲ့လုံခြုံရေးအာမမခံဘူးဘာညာလုပ်လာတော့၊ဝမ်းသာအားရ မအလကြီးအပေါ်တည့်တည့်ဆော်ပါစေဆိုတာချည်းပဲ။မအလ ကြီးကတော့ အငြိမ့်ထဲက ဇာတ်မင်းသားရူးကြီးလို “မေတ္တာထားတယ်လာ့”လို့မေးနေမလားပဲလေနော့။
ဒီမနက်သတင်းတွေထဲတွေ့ရပြန်တာက ရင်ပြင်နီညစာစားပွဲမှာ ပူတင်ကြီးတို့ ပမာမခန့်ပုံတွေ့ရပြန်ပါရော။ မအလ ကြီးတို့ မြန်မာပြည်ကနေ ရင်ဘတ်ကြီးကော့ ခေါင်းကြီးမော့ပြီး ရုရှပြည်ကြီးထွက်လာတဲ့ဟာကိုကွယ်၊ ပူတင်တို့များ လူရေးလူရာ မသွင်းချက်ကြီး။ မအလကို ချောင်ထိုးထာလိုက်တာ။ ဝေလေလေကြီးကိုဖြစ်လို့။
တခါကရွာတရွာမှာ မိဘတွေထံခွင့်ပန်ပြီးဇာတ်ထဲလိုက်တဲ့သားလိုဖြစ်နေပြီ။ ဇာတ်ထဲလိုက်တဲ့သားက သူတို့ဇာတ်ဟိုဘက်ရွာလာကမှာမို့ အမေတို့လာကြည့်ကြဖို့ဖိတ်သပေါ့။ မိဘဆွေမျိုးတွေလည်း သူတို့သားပါတယ်ဆိုတော့ ကြွားကြွားရွားရွားသွားကြတာပေါ့။
ဇာတ်ထွက်တော့ ဘုရားရှိခိုးခန်းလည်းမပါ၊ အပျိုတော်လည်းမတွေ့၊ ပြဇာတ်နောက်ပိုင်းဘယ်မှာမှမတွေ့ရဘူးကိုး။ မနက်ရောက်တော့သားကိုတွေ့မေးတာပေါ့။ အဲဒီမှာ အမေတို့ကသေချာမှမကြည့်တာကိုးလို့ဆိုသတဲ့။
“တို့လူလေးများဆိုသလေး ဝေလေးလေး” လို့အော်တဲ့အထဲ အမေ့သားပါပါ့လို့ပြောသတဲ့လေ။
ပြီးတော့ မင်းသားက နွားကျောင်းသား သီချင်းဆိုတော့ အမေ့သားက နွားရုပ်ထဲမှာနွားလုပ်ရသဗျဆိုတာကိုး။ အမေ့သားကပီပြင်အောင် ခွာယက်ပြချင်သေးတာအမေရာ အရုပ်ကလှုပ်မရလို့ဆိုတာတောင်ပါသေး။
အခုလည်း မအလကြီးတယောက် ညစာစားပွဲမှာ အရုပ်က လှုပ်မရလို့များဖြစ်နေသေးလားမပြောတတ်ပေါင်ဗျာ။
ဟို နွားမူ မောင်ရှုံးနွေ ဆိုတဲ့ ကဗြောင်ဆရာကြီးလည်း အခုလောက်ဆို ရင်ပြင်နီရောက် တို့နှစ်ယောက်ဘာညာဆိုပြီး မအလကြူကြူလှ ဖားတော်မူခန်း ဘမောဖူရှုတ် ကဗျော်တွေရေးတော်မူနေရောပေ့ါလေနော။
ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ