

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အပိုင် ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းမှာ ရှိတဲ့ ကြက်မနက်တာဝါတိုင်စခန်းကုန်းကို PDF တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မီးရှို့နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ဒုတပ်ခွဲမှူးရဲဘော်ကိုမိုးသီး က ဒို့ပြည် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ၄ နာရီကြာတိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက စခန်းကုန်းကို စွန့်ခွါထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
“စက်ယန္တရာအားလုံး စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ တော်လှန်ရေးမှာအသုံးပြုဖို့အတွက် ကား ၁ စီးနဲ့ ဆိုင်ကယ် ၆ စီးကိုပဲသိမ်းခဲ့တယ်။ ကျန်တဲ့ပစ္စည်းအချို့လည်းရှိသေးတယ်။ ဒါပေမဲ့ ကျနော်တို့က ရန်သူကလည်း အနားမှာပဲဆိုတော့ အကုန်ုလုံးကိုမချပြနိုင်သေးတာ နားလည်ပါ” လို့ ဒုတပ်ခွဲမှူးရဲဘော်ကိုမိုးသီး က ပြောပါတယ်။
စခန်းစွန့်ခွါသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တောအတွင်း မျက်စိလည် လမ်းမှားနေကြဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေက နယ်မြေရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်မှာစစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်တိုက်ခိုက်သွားပြီး တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်နဲ့ ကျည်တွေ ချပေးသွားတယ်လို့ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးတာဝန်ခံ ရဲမေရွှန်းရွှန်း က ဒို့ပြည်ကို ပြောပါတယ်။
“ကျမတို့ဘက်ကတော့ ထွက်ပြေးသွားတဲ့တပ်စွဲထားတဲ့ အဖွဲ့ကိုလိုက်နေတုန်းပဲ။ လေယာဉ်တွေကတော့ ကြဲတော့မကြဲတော့ဘူး ဝဲနေတုန်းပဲ” လို့ သူ က ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ နဲ့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။