

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ရပ်ကွက်ငယ်တခုကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး နှစ်ရက်ဆက်တိုက် ဗုန်းကြဲခဲ့တဲ့အတွက် သေဆုံးဒဏ်ရာရရှိသူ များခဲ့တယ်လို့ သိရပါတယ်။
ကျောက်တော်မြို့ ၊ ရွာမ တောင်ဘက်စုရပ်ကွက် ၊ မြို့မရွှေကျောင်းဘုန်းကြီးကျောင်း မြောက်ဘက်နဲ့ အနောက်ဘက် လူနေရပ်ကွက်တွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က မေလ ၁၄ ရက် နဲ့ ၁၅ ရက်နေ့တို့မှာ ဗုန်းကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာပါ ။
ဒီကနေ့ မေလ ၁၅ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်မှာ ၅မိနစ်ခြား တကြိမ်စီ ဂျက်ဖိုက်တာနဲ့ ဗုန်းကြဲခဲ့တာ ဖြစ်ပြီး ကနဦး သတင်းရရှိမှု အနေနဲ့ ၁၀ ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ် ။
“ သေတဲ့လူတွေက အသက်ကြီးရွယ်အိုနဲ့ ကလေးတွေ များပါတယ် ၊ အရင်တုန်းက လေယဉ်လာရင် နှစ်စီးလာတတ်ပြီး ဒုတိယ လာတဲ့ လေယဉ်က ပစ်တတ်ပါတယ် ၊ ဒီလိုမျိုးလေယဉ်အသံကြားရင် အသက်လုပြေးလို့ လွတ်နိုင်ပါသေးတယ် ၊ အခုက အသံမကြားရဘူး ၊ တစီးတည်းလာပစ်တာပါ “ လို့ ဒေသခံ တဦးက ပြောပါတယ် ။
ယမန်နေ့ မေလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲခဲ့လို့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့ စစ်တွေမြို့နယ် က စစ်ဘေးရှောင်လာတဲ့ ၁၈နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့တဲ့ အပြင် ပစ်ခတ်မှုကြောင့် ဒဏ်ရာရှိခဲ့တဲ့အထဲက ၁ ဦးလည်း ဒီကနေ့ သေဆုံးခဲ့တယ်လို့ သတင်းပေးပို့ချက်အရ သိရပါတယ် ။
စစ်ကောင်စီတပ်ဟာ သဘာဝဘေးစီမံချက်နဲ့ ပက်သက်ပြီး အပစ်ရပ် ၁လ တိုးမြင့်ထားပေမယ့် ၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင် မော်စကိုကို သွားပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို ဂျက်ဖိုက်တာနဲ့ ဗုန်းကြဲတာတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားဗုန်းကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ် ။
သတင်း-ကျော်ဇံ၊ စာတည်း-ခက်ငြိမ်း