အောင်လံ၊ ကံမလေးရွာမှာ စစ်မှုထမ်းကြေး တိုးမြှင့်ကောက်လို့ ဒေသခံတွေ ခက်ခဲလာ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကံမလေးရွာမှာ စစ်မှုထမ်းလစဉ်ကြေးကို တိုးမြှင့်ကောက်လာတဲ့အတွက် ဒေသခံတွေ ပေးဆောင်နိုင်တဲ့ အင်အားမရှိဘဲ ခက်ခဲကျပ်တည်းလာတယ်လို့ သိရပါတယ်။

ကံမလေးအုပ်ချုပ်ရေးမှူးကျော်ကျော်နိုင် နဲ့ နောက်လိုက် ၂ ဦးတို့ဟာ ယခင်က စစ်မှုထမ်းကြေးဆိုပြီး တအိမ်ကို ၂ သောင်းကောက်ခံနေခဲ့ရာက ယခုလမှစတင်ကာ တအိမ်ကို ၄ သောင်းနဲ့ နာမည်စာရင်းမှာ ၂ ဦးပါတဲ့အိမ်တွေကို ၅ သောင်း ကောက်ခံတယ်လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။

“သူ့နောက်လိုက် နှစ်ယောက်ကပိုဆိုးပါတယ်။ စစ်မှုထမ်းမဲစာရင်းထဲ နှစ်ယောက်ပါတဲ့အိမ်ဆို ၅ သောင်းတောင်းပါတယ်။ တယောက်ပါတဲ့အိမ်ဆို ၄သောင်းတောင်းပါတယ်။ အရင်လတွေတောင်းတုန်းကတအိမ်၂သောင်းတောင်းတော့ ပေးနိုင်ကျသေးပါတယ်။ ခုလကျမှ အဲလောက်တောင်းတော့ရွာထဲမှာ မပေးနိုင်တဲ့အိမ်တွေက များနေပါတယ်။” လို့ ဒေသခံတဦး က ပြောပါတယ်။

ကံမလေးအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီလက်ထက်မှာ အုပ်ချုပ်ရေးမှူးဖြစ်လာသူ ဖြစ်ပြီး အုပ်ကြီးလုပ်တာ သိပ်မကြာသေးဘူးလို့ ဆိုပါတယ်။

“ခုစစ်မှုထမ်းအတွက်ပိုက်ဆံတောင်းတာ ရွာထဲက လူတွေတော်တော်ခက်ခဲနေပါတယ်။ အဆင်မပြေတဲ့ အိမ်တွေကတော်တော် မပြေပါဘူး။ အတင်းတောင်းနေတော့ အခက်တွေ့နေကျပါတယ်” လို့ ဒေသခံက ပြောပါတယ်။

ကံမလေးကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိကာ ကံမမြို့နဲ့ မြစ်တဖက်စီမှာ တည်ရှိတာဖြစ်ပါတယ်။

စစ်ကောင်စီတာဝန်ရှိသူကတော့ စစ်မှုထမ်းကိုအသုံးချကာ လုပ်ပိုင်ခွင့်ကိုတလွဲအသုံးပြုနေသူများကို အရေးယူဆောင်ရွက်မယ်လို့ ပြောဆိုမှုများရှိခဲ့ပြီး ပဲခူးတိုင်းအနောက်ခြမ်းမှာလည်း ငွေကြေးတောင်းယူမှုတွေကို အရေးယူမှုတချို့ရှိခဲ့ပေမဲ့ နေရာအနှံ့မှာ စစ််မှုထမ်းအတွက် ငွေကြေးတောင်းယူတာနဲ့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်လက်မြှင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

You may also like these