

မေ ၁၈၊ ၂၀၂၅။
ကျုပ်တို့ အရပ်မှာ ရှေးလူကြီးသူမတွေက၊ အထူးသဖြင့်တော့ ရှေးခေတ်အမယ်ကြီးတွေက “စိန”ကို”တလုပ်”လို့ခေါ်တာကြားဖူးသဗျ။ အရပ်ထဲအသားဖြူဖြူဖွေးဖွေးကလေးလေးတွေကို”တလုပ်ပေါက်”ကလေးလို့ ခေါ်ကြတာမျိုးပေါ့။ အခုခေတ်ဆိုရှယ်မီဒီယာပေါ်လည်း ရှေးအမယ်ကြီးတွေခေါ်သလို သုံးနူံးရရင်အဆင်ပြေမယ်ထင်ရဲ့။ တစ်တစ်ခွခွခေါ်ပြီး ပြစ်ပြစ်နှစ်နှစ်ဆဲရသလိုတော့ အရသာရှိလှမယ်မထင်ပါဘူး။ ထားပါတော့။
ဇေယျတုတို့ဗမာ့သမိုင်းထဲမယ်”တလုပ်ပြေးမင်း”ဆိုသဟာရှိ မှတ်တယ်။ အခုဆိုသမိုင်းသစ်ရေးထိုးရမယ့် နောက်တစ်ကောင်ပေါ်လာပြန်ပြီ အရပ်ကတို့ရေ။ ရင်ပြင်နီပွဲမှာ ပုတလီးပုတလက်နဲ့တလုပ်သမ္မတလက်ကိုကိုင်ပြီး အမိန့်တော်နာခံလာခဲ့တဲ့ မအလလေ။ တလုပ်ကြီးက ပြောလွှတ်လိုက်တာကြည့်အုန်း။ မင်းတို့နိုင်ငံမှာရှိနေတဲ့တလုပ်အကျိုးစီးပွါးတွေ၊ တလုပ်လူမျိုးတွေရဲ့လုံခြုံရေးကိုအာမခံချက်ပေးရမယ်ဆိုကိုး။
ဆိုလိုရင်းကတော့ ခြံလုံအောင် ခွေးရာထူးပေးလိုက်တာပါပဲ။ ဒါကိုပဲ မအလကြီးက ပထွိုင်လက်ကေး ရတာဂုဏ်ယူမဆုံးတပြုံးပြုံးပဲဗျို့။ ဒါကြောင့်ဗမာသမိုင်းမှာ”တလုပ်ပြေးမင်း”ပြီးရင်”တလုပ်ခွေးမင်း”ရယ်လို့ အသစ်တိုးလာပြီလို့ ပြောရတာပါ။
တလုပ်ခွေးမင်းတို့များ ရင်ပြင်နီကိုသွားခါနီးတုန်းက တစ်လအပစ်ရပ်သလေးဘာလေးနဲ့ကြေငြာချက်တွေထုတ်။ ပြီးတော့လည်း ဟပ်ပြီးသားချွဲကို ပြန်စားလိုက်ပုံများ ပြောမကုန်ဘူး။ အခုလတ်တလော ဒီပဲယင်းကအိုးတိန်တွင်း ကျေးရွာဗုံးကြဲသတ်ဖြတ်မှုကတော့ အယုတ်မာဆုံးထဲကတစ်ခုပဲ။ လူမှုကွန်ယက်စာမျက်နှာတွေ ထက်မှာဓာတ်ပုံတွေ၊ ဗီဒီယိုတွေဆိုတာ ဗောင်းလံလို့။အသိမကြွယ်သေးတဲ့ ကျောင်းသားကျောင်းသူ လူမမယ်လေးတွေ။ သူတို့မှာ တိုက်ပွဲဝင်စရာဘာလက်နက်များရှိနေလို့လဲ။
လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အဲဒီကိစ္စအတွက်၊ မြေဇာပင်ပေါင်းများစွာရဲ့မေးခွန်းတွေ၊စုပ်သပ်သံတွေဟာဆူညံလို့။ လူမှုကွန်ယက်စာမျက်နှာဆိုလို့၊ တခါသား ဇေယျတု ဖတ်ဖူးတဲ့ပို့စ်လေးတစ်ခုသတိရသေးတယ်။ ပို့စ်လေးက”ငါတို့မြန်မာတွေကံကောင်းတယ်။ တနိုင်ငံတည်း အစိုးရနှစ်ခုရတယ်။ ဒါပေမယ့်ကံဆိုးတယ်၊ အစိုးရတစ်ခုက ကမ်းကုန်အောင်မိုက်ရိုင်းပြီး၊ အစိုးရတစ်ခုက ကြပ်မပြည့်ဘူး”တဲ့လေ။ အခုဒီပဲရင်းဖြစ်စဥ်ဖြစ်တော့ ဘွားဘွားကြီးပေါ်လာသလိုပဲဗျ။
လူမှုကွန်ယက်စာမျက်နှာမှာ လူထုက မခံချိမခံသာဖြစ်လာပြီး”နုကြည်”လေးကိုပါ ဝေဖန်သမှုပြုလာတော့၊ နုကြည်တို့ဆီက အသံထွက်လာတယ်လေ။ သယံဇာတာဝန်ကြီးဆိုတဲ့တစ်ယောက်က။အဟင်းဟင်း ဘာတဲ့စကစဘက်က ဗုံးကြဲလူသတ်တိုင်း နုကြည်တို့ကမကာကွယ်ဘူးလား ဘာညာမေးလာတာဟာ၊ စကစအဖွဲ့နဲ့အတိုင်အဖောက်ညီညီလုပ်တာပဲတဲ့လေ။
လူထုကို စကစနဲ့ပေးစားပြီးဆဲလိုက်သလိုပဲ။ ပြီးတော့ ဘောမရပ်ကွက်ဆိုရင် စကစအဖွဲ့ဘယ်လောက်ယုတ်မာယုတ်မာ ထောက်ခံကြသတဲ့။ တော်လှန်ပြည်သူတွေများကျတော့ နုကြည်လေးမမှားလိုက်နဲ့ ဝိုင်းသမကြရောဆိုတာမျိုးလည်း ပြောလိုက်သေး။
အော် ခက်ခက်ရချည့် ကိုရင်တူးခေါင်ရယ်။ အမှားလုပ်လာရင်တော့ စကစသောနုကြည်သောဝေဖန်ရမှာ လူထုတာဝန်လဗျာနော။ အိုးတိန်တွင်း ရွာဖြစ်စဥ်မျိုးက ဒီတစ်ခါတည်းဖြစ်တာမဟုတ်ဖူး ကိုရင်တူးခေါင်။ ဒီလမ်းသွားရင် ဒီခွေးကိုက်မယ်မှန်း သိရင် အကာအကွယ်ပေးရမှာက အကြီးအကဲတာဝန်လဗျာ။ နုကြည်က အစိုးရမဟုတ်ဘူးလားနိူ့။
ဖတ်ဖူးတဲ့ပုံပြင်လေးသတိရသေးတယ်။ တခါက တောနက်ထဲမယ် ခြင်္သေ့အိုတစ်ကောင်ရှိတယ်။ ငယ်ရွယ်စဥ်က သားကောင်မှန်သမျှစိတ်ကြိုက်သမခဲ့တာပေါ့။ အိုလာတော့ မလုပ်နိုင်မကိုင်နိုင်နဲ့ငတ်နေတာပေါ့။ သူကောင်းစားစဥ်က ကပ်ဖားရပ်ဖားအရိုးကိုက်တွေလည်း အနားမှာမရှိတော့ဘူး။ သူ့အနားမှာ အိုနာကျိုးကန်းမြေခွေး တစ်ကောင်ပဲရှိသတဲ့။
တနေ့တော့ ခြင်္သေ့အိုကြီးက ဒရယ်တစ်ကောင်ရဲ့ နှလုံးနဲ့ဦးနှောက်ကိုစားချင်စိတ် ဖြစ်နေသတဲ့။ အဲဒါနဲ့အင်အားမသုံးရပဲ စားရအောင်ကောက်ကျစ်စဥ်းလဲသူ အိုနာကျိုးကန်းမြေခွေးကိုအသုံးချသတဲ့။ မြေခွေးလည်းအရိုးကိုက်ရလည်းမနည်းဘူးဆိုပြီး တောစပ်ကဒရယ်ဆီကိုသွားသတဲ့။ ဒရယ်ဆီရောက်တော့ သေခါနီးခြင်္သေ့နာကြီးက သူ့ရဲ့ထီးနန်းကိုလွှဲအပ်ချင်လို့ အသင့်ကိုအခေါ်ရှိပါတယ် လိုက်ခဲ့ပါပေါ့လေ။ ဒရယ်ကလည်းဘုရင်းရူးဆိုတော့လိုက်လာတာပေါ့။ ခြင်္သေ့ဆီရောက်တော့ ခြင်္သေ့ကလည်း အငတ်ကြမ်းပြီးဒရယ်ကိုဖမ်းတာပေါ့။ သူကအဖိုးအိုဆိုတော့ လိုရင်းမရောက်ဘူး။ ဒရယ်ကထွက်ပြေးရော။
ခြင်္သေ့အိုက အိုနာကျိုးကန်းမြေခွေးကို နောက်တခါခေါ်ခိုင်းပြန်ရော။ မြေခွေးကလည်းနောက်တခါသွားပြန်ရောပေါ့။ ဒီတခါဒရယ်ကတင်းပြီး လုပ်မယ်ကိုင်မယ်တကဲကဲပေါ့။ ဒါပေမယ့်ကလိမ်ကကျစ်မြေခွေးက ခြင်္သေ့အိုကြီးကသေအံ့မူးမူး ဖြစ်နေတော့သင့်ကိုအလောတကြီးဆွဲဖက်တာပါ အထင်မမှားပါနဲ့ပေါ့လေ။ သူကမင့်ကိုထီးနန်းလွှဲဖို့ အာသီသဖြစ်နေတာ။ မသေခင်တိုးတိုးတိတ်တိတ် မှာချင်တာမို့ ဒီတခါမင်းဘာသာအနားကပ်ပေးလိုက်ပါလို့ ပြောတာပေါ့။
ဒရယ်ဘုရင်းရူးလည်းလိုက်သွားရော သေရောပေါ့ဗျာ။ ခြင်္သေ့လည်းဒရယ်သားကို တွယ်တာပေါ့။ အဓိကနှလုံးကိုတီးတာပေါ့။ ပြီးတော့ ဒရယ်ဦးနှောက်စားမယ်လုပ်တော့၊ မြေခွေးက ဒီဒရယ်မှာဦးနှောက်မရှိဘူး ခြင်္သေ့ကြီးလို့ဆိုသတဲ့။ ဘာလို့လည်းဆိုတော့သတ်မလို့ နှစ်ခါခေါ်တာ မစဥ်းမစားလိုက်လာတာကြည့်ပေါ့လို့ ပြောသတဲ့လေ။
ကိုရင်တူးခေါင်ရေ နုကြည်တို့ကိုတော့ ပုံပြင်ထဲကဒရယ် မဖြစ်စေချင်ပေါင်ဗျာ။
တလုပ်ခွေးတို့ယုတ်မာမိုက်မဲတာကတော့ ကိုရင်တူးခေါင်တို့ ပြောတာထက်တောင် ပိုသေး။
ဒုက္ခဗန်းပြပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေအံ့တို့ ဘာတို့ညာတို့ ပြောမယ်ဆို တပုံကြီးကျန်သေးသဗျို့။
ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ
No Related Post