နတ်တလင်းမှာ တပ်ဆုတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်လို့ ကျောက်ခွက်ဒေသခံ ၃ ဦး သေဆုံး

မေ ၁၈၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ တပ်ဆုတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာတွေကို မီးရှို့တာနဲ့ ပစ်ခတ်ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယမန်နေ့ မေလ ၁၇ ရက််နေ့ မနက်ပိုင်းက ထန်းတောကျေးရွာဘက်ကနေ တပ်ပြန်ဆုတ်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ခွက်ကျေးရွာကို ပစ်ခတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပစ်ခတ်မှုမှာ ရွာသား ၃ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“ထန်းတောအစပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ သေတယ်။ အဲဒီမှာ ပြန်ဆုတ်လာပြီး ကျောက်ခွက်ရွာကိုရမ်းသမ်း ပစ်ခတ်ဝင်တာမှာ သုံးယောက်သေတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့မသိရသေးဘူး။” လို့ နတ်တလင်းဒေသ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးက ဒို့ပြည် ကိုပြောပါတယ်။ ဒါ့အပြင် ယနေ့ မေလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာတော့ ကျောက်ခွက်ရွာကို မီးစတင်ရှို့ခဲ့တယ်လို့ သိရပါတယ်။

“အဝေးကနေပဲမီးခိုးတွေမြင်နေရတယ်။ စစ်ရှောင်တွေက နီးစပ်ရာရွာတွေကိုတိမ်းရှောင်နေရတယ်။ အဓိကကတော့ သက်ကြီးရွယ်အိုတွေဒုက္ခရောက်တယ်။” လို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင် က ဆိုပါတယ်။

အဲဒီစစ်ကြောင်းက စစ်ကူလက်နက်ကြီးအဖွဲ့နဲ့ ဒရုန်းအဖွဲ့တွေက ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေဟာ နီးစပ်ရာကို တိမ်းရှောင်နေကြရပြီး နေရပ်ကို ပြန်လည်အခြေချနိုင်တာ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ ထန်းတောရွာက အိမ်ခြေ ၁၀၀ ကျော်ကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့ပြီး ရွာမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

You may also like these