

မေ ၁၉၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်းမှာ နွေစပါးထွက်ချိန် မေလထဲကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ရိတ်သိမ်းနေကြပြီး ပေါက်စျေးမှာ တင်း ၁၀၀ ကို ၁၁ သိန်းကျော်သာရှိတဲ့အတွက် အထွက်နှုန်းနည်းသူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ် လို့ လယ်သမားတွေ က ဒို့ပြည် ကို ပြောပါတယ်။
ဧပြီလ အကုန် မေလဆန်းပိုင်းမှာ စတင်ထွက်ရှိလာတဲ့ နွေစပါးတွေအနေနဲ့ တဧကအထွက်နှုန်း တင်း ၆၀ တပတ်လည်ကနေ တင်း ၁၀၀ ပတ်လည်မှာ ထွက်ရှိတာဖြစ်ပြီး အများစုမှာ တင်း ၇၀ နဲ့ ၉၀ ကြားသာ ထွက်ရှိခဲ့ကြပြီး သွင်းအားစုစားရိတ်ကတော့ ၁ ဧကကို ၉ သိန်းကျော် ၁၀ သိန်းကြားမှာ ကုန်ကျ ခဲ့ကြတာပါ။ ဒါ့ကြောင် လက်ရှိ စပါးပေါက်စျေးနဲ့ တင်း ၁၀၀ ကို ၁၁ သိန်းဝန်းကျင်နဲ့ရောင်းရပါက အရှုံးနဲ့ရင်ဆိုင်နေရပြီး အချို့ကတော့ အရင်းသာပြန်ရပြီး လုပ်အား နဲ့ အချိန် ရှုံးတယ်လို့ လယ်သမားတွေက ဆိုပါတယ်။၏
“စပါးစျေးထိုးကျ လယ်သမားတွေအကုန် ငုတ်တုပ်မေ့။ ရွာထဲမှာ စပါးစျေးကျလို့ ပွက်လောညံရော။ ဒီနှစ်က ရေအရစောလို့ တကွင်းလုံးလုပ်ကြတာ။ စျေးက အစောပိုင်းမှာ ၁၂သိန်း ၃ သောင်း အခုက ၁၁ သိန်းဝန်းကျင်မှာပဲရှိတော့တယ်” လို့ ပေါင်းတည်ဒေသခံလယ်ပိုင်ရှင်အမျိုးသမီးတဦး က ပြောပါတယ်။
ထွန်ယက်ခ ၁ သိန်း ၂ သောင်း၊ မျိုးစပါး ၁ သိန်း ၃သောင်း၊ ဓါတ်မြေဩဇာ ၃ သိန်းဝန်းကျင်၊ မျိုးကြဲခ ၂ သောင်း၊ ပိုးသတ်ဆေး ၆ သောင်း၊ ရိတ်သိမ်းခ ၂ သိန်းခန့် သယ်ယူစားရိတ် ၇ သောင်း ဝန်းကျင်နဲ့ သွင်းအားစားရိတ် ၉ သိန်းဝန်းကျင်၊ ၁၀ သိန်းခန့်ကုန်ကျတယ်လို့ လယ်သမားတွေက ပြောပါတယ်။ (နေရာဒေသအနီးအဝေးပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်)
“စပါးကအထွက်နှုန်းမဆိုးဘူး စျေးနှုန်းကတော့ လယ်သမားတွေ အရှုံးပေါ်မဲ့စျေး တတင်းကို ၁သောင်း၊ ၁သောင်း ၁ထောင်ဝန်းကျင်ပဲ ရှိတယ်” လို့ ပြည်မြို့နယ်၊ ဝက်ထီးကန် ဒေသခံတဦးက ပြောပါတယ်။
ယခုနှစ်မှာတော့ သွင်းအားစုစားရိတ် အထွေထွေမြင့်တက်နေလို့ သီးနှံအထွက်တိုးဖို့ ထင်သလောက်မလုပ်နိုင်ခဲ့သလို ချေးငှားစိုက်ပျိုးရတဲ့အတွက်လည်း အတိုးနှုန်းကြောင့် ဆတိုးအရှုံးပေါ်ခဲ့တယ်လို့ ဆိုကြပါတယ်။
“စိုက်ပျိုးရေးဆေးက ၄ ကျပ်တိုးနဲ့ ၂လစာ ရွှေပေါင်တော့လည်း ၃ ကျပ်တိုးဆိုတော့ မထူးပါဘူးဆိုပြီး ၄ ကျပ်တိုးနဲ့ ယူပက်ရတာ လယ်ရောလူပါ အပ်ရတော့မယ်။ အရင်းကြီးပြီးစပါးစျေးမရှိလို့ လယ်သမားတွေကလယ်လုပ်ဖို့ စိတ်မပါတော့ဘူး သီးစားချဖို့အများစုက.ဆုံးဖြတ်နေကြတယ်” လို့ ပေါင်းတည်မြို့ခံ လယ်ပိုင်ရှင်အမျိုးသမီးက ပြောပါတယ်။
ဆန်စက်ပိုင်ရှင်တွေနဲ့ လုပ်ငန်းရှင်တွေကတော့ နွေစပါးအကောင်းအသန့်ကို ၁၃ သိန်းဝန်းကျင်၊ သာမန် ၁၂ သိန်းဝန်းကျင် ပေါက်တယ်လို့ ပြောဆိုပြီး မီးမမှန်တဲ့အတွက် စက်လည်ပတ်ဖို့ အခက်ခဲရှိလို့ နွေစပါးကို လက်ရှောင်ချင်ကြတယ်လို့ ဆိုကြပါတယ်။
“နွေစပါးဆိုတဲ့အမျိုးက အများကြီးဝယ်ထားလို့မရဘူး မိုးစပါးလို လောင်လို့မရဘူး အဆိုဓါတ်ကင်းမှ လှောင်ရတာ ပေါ်လာရင် နေလှန်းကျိတ်ပေါ့ ဆန်စက်တွေက လျှပ်စစ်မီးမလာတော့ အချိန်မီကျိတ်မခွဲနိုင်ရင် ပျက်စီးတော့ မဝယ်ရဘူး မလှောင်ရဲဘူး” လို့ ပဲခူးတိုင်းအနောက်ခြမ်းက ဆန်စပါးလုပ်ငန်းအကြံပေးပညာရှင် က ဒို့ပြည် ကို ပြောပါတယ်။
ပဲခူးတိုင်းအတွင်းမှာတော့ နွေစပါးမျိုးတွေဖြစ်တဲ့ ရတနာတိုး၊ နှံကောက်၊ သီးထပ်ရင်၊ ဆင်းသုခ၊ မှော်ဘီ (၅)၊ တို့အပြင် အခြား အထွက်တိုးမျိုးတွေကိုလည်း စိုက်ပျိုးကြပါတယ်။
နွေစပါးစျေးနှုန်းဟာ ၂၀၂၃ ခုနှစ်က တင်း ၁၀၀ ကို ၁၆ သိန်းထိရခဲ့ပြီး သွင်းအားစုစားရိတ် ၇ သိန်းဝန်းကျင်မှာရှိခဲ့ချိန်မှာ အရင်းသာသာ ဖြစ်ခဲ့တဲ့အတွက် ယခုနှစ်မှာတော့ သွင်းအားစုစားရိတ်ကြီးမြင့်ပြီး စပါးစျေးကျတဲ့အတွက် လယ်လုပ်လိုသူနည်းပါးလာကာ မိုးစပါးမှာ စိုက်ဧကနည်းပါးလာနိုင်တယ်လို့ စစ်ဆန်စပါးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပဲခူးတိုင်းဟာ နွေစပါးကိုဒုတိယအများဆုံးစိုက်ပျိုးတဲ့ တိုင်းဖြစ်ပြီး ယခုနှစ်မှာ စိုက်ဧက ၄ သိန်းအထိ တိုးချဲ့စိုက်မယ်လို့ စစ်ကောင်စီစိုက်ပျိုးရေးဦးစီးဌာနက လျာထားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နွေစပါး စိုက်ဧက ၂ သန်းခွဲကျော်အထိ တိုးချဲ့စိုက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။