

မေ ၁၉၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာအနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလို့ စစ်ကောင်စီ တပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow က ဒို့ပြည် ကို ပြောပါတယ်။
မေလ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က သိမ်ကုန်းတောင်ဝါတိုင်အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ တပ်မ(၆၆) လက်အောက်ခံ စစ်သားအင်အား(၇၀) ပါစစ်ကြောင်းကို သိမ်ကုန်းရွာအနီး ပိန်းသိုက်စမ်းနေရာအရောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း နဲ့ ၃၆၀၂ တပ်ရင်း ရဲဘော်တွေက Sniper၊ လက်နက်ငယ်၊( ၄၀)မမတွေနဲ့ ပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ထိခိုက်ကျဆုံးတာတွေကတော့ စနိုက်ပါနဲ့ ပစ်တာရော ထိပ်တိုက်ပစ်ခတ်တာရောမှာ စစ်ကောင်စီတပ်သားတွေ သေကြတယ်” လို့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောပါတယ်။
တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တဲ့အတွက် ယမန်နေ့ မေလ ၁၈ ရက်နေ့က အမိန့်ပြန်ပြီး သင်္ဂြိုဟ် လိုက်တယ်လို့ သိရပါတယ်။
“သေဆုံးအလောင်တွေနဲ့ ဒါဏ်ရာရရှိသူတွေကို သိမ်ကုန်းတာဝါတိုင်စကစအထိုင်စခန်း ကို ပုခတ်တွေနဲ့ ထမ်းသယ်သွားကြပြီး သင်္ဂြိုဟ်လိုက်တယ်” လို့ ဆိုပါတယ်။
လက်ရှိမေလထဲမှာတော့ ပေါက်ခေါင်း-အုတ်တွင်းလမ်း၊ ကြက်မနက်တိုက်ပွဲ၊ နတ်တလင်း ထန်းတောရွာအနီး တိုက်ပွဲ နဲ့ မင်းလှမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့နေသလို ရွာသူရွာသားတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။