

မေ ၂၀၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်းမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့အတွက် ဝင်ရောက်စွက်ဖက်တာတွေ ပြုလုပ်မှာမဟုတ်ဘဲ တားမြစ်ပိတ်ပင်သူများကိုလည်း အရေးယူမှာဖြစ်သလို လွတ်လပ်စွာ သင်ကြားခွင့် ပြုတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho) အဖွဲ့က ယမန်နေ့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅-၂၆ ပညာသင်နှစ်ကာလဟာ မကြာခင်မှာစတင်တော့မှာဖြစ်ပြီး ဒေသအတွင်းက ကလေးငယ်တွေ ပညာရေးနောက်ကျနေတဲ့အတွက် ငဖဲ တောင်ပေါ်နဲ့မြေပြန့်ဒေသကျေးရွာ အခြေခံပညာ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ / ဆရာမ တွေကို ခြိမ်းခြောက် နှောက်ယှက် ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာ နဲ့ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှု ပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ပညာရေးဆိုင်ရာအကြောင်းအရာတွေကို ထည့်တွေးသောအားဖြင့် ချိန်ဆသောအားဖြင့် ဒီလိုမျိုးထုတ်ပြန်ချက်ကိုထုတ်ပြန်ရတာ ဖြစ်တယ်။ ကျနော်တို့ရည်ရွယ်ချက်သည် ကျောင်းနေအရွယ်ကလေးတွေ ပညာရေးနောက်မကျစေဖို့ရည်ရွယ်ပြီး ထုတ်ပြန်တယ်လို့ ပြောချင်တယ်။” လို့ CDF-Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်း က ဒို့ပြည် ကို ပြောပါတယ်။
ငဖဲဒေသအတွင်း ကျေးရွာတွေဟာ တရွာနဲ့တရွာဝေးကွာပြီး ရွာချင်းဆက်လမ်းလည်းမရှိသလို ရွာတွေမှာ အိမ်ခြေနည်းပါးတဲ့အတွက် အာဏာသိမ်းပြီးကာလတွေမှာရော အာဏာမသိမ်းခင်ကာလတွေမှာပါ ကျောင်းဆရာ/ဆရာမ တွေ လာရောက်ပညာသင်ကြားပေးမှုအားနည်းတယ်လို့ သူက ပြောပါတယ်။
“အခုအာဏာသိမ်းပြီးကာလတွေဆိုတော့ ပိုဆိုးတာပေါ့ ဆရာ/ဆရာမတွေက တိုက်ပွဲကြောင့်ရော တခြားတခြားသော အကြောင်းတွေကြောင့် မလာရဲကြတာ ဒီလိုအကြောင်းအရာတွေ ကြောင့် ကျောင်းပိတ်ရတဲ့ကာလတွေ ရှည်ကြာလာတာ၊ ကျောင်းပိတ်တဲ့ရွာတွေများပြားလာတာ ကျောင်းနေရွယ်ကလေးတွေ ပညာရေးနောက်ကျခဲ့တာ ရှိပါတယ်။” လို့ ဆလိုင်းရိုးချင်း က ဆက်ပြောပါတယ်။
ငဖဲဒေသဟာ ရခိုင်ပြည်နယ်နဲ့ စပ်ဆက်နေပြီး ရခိုင်ရိုးမပေါ်မှာ ကျေးရွာတွေ ပျံ့နှံ့တည်ရှိတာဖြစ်သလို အဲဒီကျေးရွာတွေက ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံးပေ ၅၀၀ ကျော် နဲ့ အမြင့်ဆုံးပေ ၅၀၀၀ ကျော်မှာရှိကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ လို့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသလည်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုစုပြီး MIMU(Myanmar Information Management Unit) က ထုတ်ပြန်ထားတဲ့ အချက်အလက်အရ ငဖဲမြို့နယ်မှာ လူဦးရေ ၅၂၆၁၆ ဦးရှိကာ ကျေးလက်နေသူများပြားပြီး ချင်းတိုင်းရင်းသားနေထိုင်မှု ၁၅၁၃၁ ဦးနဲ့ ဒုတိယအများဆုံး နေထိုင်ကြတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဓါတ်ပုံ-ပုံဟောင်းဖြစ်ပါတယ်။