

မေ ၂၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ထဲက စစ်ကောင်စီတပ်ဖွဲ့ရဲ့ အထိုင်စခန်းတခုဖြစ်တဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁) ပြည်ခရိုင် ၃၆၀၂ တပ်ရင်း ဆီက သိရပါတယ်။
အဲဒီအထိုင်စခန်းကို မေလ ၁၉ ရက်နေ့ က အပြီးသတ်အလုံးစုံသိမ်းပိုက် ရရှိခဲတာဖြစ်ပြီး တပ်ရင်း တပ်ဖွဲ့ ၃၆၀၁၊ နဲ့ ၃၆၀၂ တို့က ရဲဘော်တွေ က ပူးပေါင်းပြုလုပ်နိုင်ခဲ့တာ လို့ သိရပါတယ်။
ယင်းစခန်းကို မသိမ်းပိုက်မီ မေလ ၁၇ ရက်နေ့က သိမ်ကုန်းတာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့လာတဲ့ တပ်မ ၆၆ လက်အောက်ခံ အင်အား ၇၀ ပါစစ်ကြောင်းကို ကြားဖြတ်တိုက်ခဲ့ရာမှာလည်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
“ထိခိုက်ကျဆုံးတာတွေကတော့ စနိုက်ပါနဲ့ ပစ်တာရော ထိပ်တိုက်ပစ်ခတ်တာရောမှာ စစ်ကောင်စီတပ်သားတွေ သေကြတယ်” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow က မေလ ၁၉ ရက်နေ့က ပြောပါတယ်။
တိုက်ခိုက်ခံလိုက််ရတဲ့ စစ်ကောင်စီတပ်သားတွေဟာ သိမ်ကုန်းတာဝါတိုင်စခန်းကို ဝင်ရောက်သွားကြပြီးနောက် ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် မေလ ၁၈ ညမှာတော့ စခန်းကိုစွန်ခွါပြီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
အခုလို စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် ဒေသတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေ့နဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ကိုလည်း တပ်ရင်း ၃၆၀၂ အသိပေးတိုက်တွန်းပါတယ်။
သိမ်ကုန်းတာဝါတိုင်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ အနီးနားရှိ ကျေးရွာတွေကိုမီးရှို့ဖျက်စီးတာ၊အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပွားလေ့ရှိပြီး ယခုအခါ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့လို့ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တာလို့ တပ်ရင်း ၃၆၀၂ ကထုတ်ပြန်ပါတယ်။
တပ်ရင်း ၃၆၀၁ နဲ့ ၃၆၀၂ တို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၂) ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁) ရဲ့ တပ်ရင်းတွေဖြစ်ပါတယ်။