

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်လမ်းဆုံ မှာ ဆိုင်ကယ်ဖမ်းတဲ့အဖွဲ့ကို တွေ့လို့ ထွက်ပြေးတဲ့ လယ်သမား ၂ ဦးကို ပန်းတောင်းရဲစခန်းမှူးက သေနတ်နဲ့ပစ်ဖောက် ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ယမန်နေ့ မေလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က နတ်မောက်လမ်းဆုံမှာ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး ဆိုင်ကယ်ဖမ်းနေလို့ ဆိုင်ကယ်ကိုထားခဲ့ပြီး လယ်သမားလူငယ် ၂ ဦးဟာ လယ်ကွင်းထဲကို ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။
“ဆိုင်ကယ်ဖမ်းတာကို သေနပ်နဲ့ ပစ်ပြီး ဖမ်းစရာ မလိုဘူးလို့ ထင်ပါတယ်။ သေနတ်ပစ်ဖောက်တဲ့သူက ပန်းတောင်းရဲစခန်းမှူးကိုယ်တိုင်လို့ သိရတယ်။ အရက်လည်း မူးနေတယ်လို့ သူတို့အဖွဲ့ထဲက မျက်မြင်သိရှိသူတွေက ပြောတာပါ” လို့ ဒေသခံတဦးက ဒို့ပြည် ကို ပြောပါတယ်။
သေနပ်နဲ့ ပစ်ဖမ်းခံရတဲ့ လူငယ် ၂ ဦးဟာ ရွှေညီနောင်အုပ်စု၊ ရေမနောက်ကျေးရွာက ဖြစ်ပြီး ဆိုင်ကယ်ထားပြီး ထွက်ပြေးတာမှာ လွတ်သွားခဲ့ပြီး ဆိုင်ကယ်ကိုတော့ ဖမ်းတဲ့အဖွဲ့က ရဲစခန်း ယူသွားတာမှာ ငွေပေး ပြန်ရွေးခဲ့လို့ ပြန်ရခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဖမ်းဆီးတဲ့အဖွဲ့ဟာ အခြားလူငယ်တွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး “လယ်ထွန်စက်နဲ့ လယ်ထွန်နေတဲ့ လူငယ် တစ်ယောက်ကိုလည်း အတင်း လှမ်းခေါ်ပြီး ဖမ်းဘို့လုပ်တာ အဲဒီ လူငယ်တစ်ယောက်လည်း အတင်း ထွက်ပြေးလို့ လွတ်သွားတာ” လို့ ဒေသခံက ပြောပါတယ်။
ထွက်ပြေးတဲ့ ၂ ဦးဟာ စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှာကို ကြောက်လို့ ထွက်ပြေးတာဖြစ်နိုင်ပြီး ဒေသတွင်းမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေများလို့ လူငယ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး လမ်းပေါ်မတက်ရဲသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ ညနေ ၄ နာရီကျော် ကလည်း ကျောက်ဖူး-ဘင်္ဂကျေးရွာချင်းဆက်လမ်းပိုင်းမှာ လူငယ်တဦးကို ပေါ်တာဆွဲဖမ်းဆီးသွားပြီး ပန်းတောင်းရဲစခန်းက ရဲမေ ၂ ဦးရဲ့ မောင်ဝမ်းကွဲတော်စပ် တဲ့အတွက် ပြန်လည် လွတ်ပေးခဲ့ရပါသေးတယ်။