

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လွှဇင်အုပ်စု၊ မျောက်ချောကုန်းရွာ အုပ်ချုပ်ရေးမှူးကိုသန်းလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ်(၁) တပ်ရင်း တပ်ခွဲ(၅) ဒုတပ်ခွဲမှူးဗိုလ်မိုးသီး က ဒို့ပြည် ကို ပြောပါတယ်။
ယနေ့ မေလ ၂၂ ရက် နေ့လည် ၁ နာရီခန့်မှာ ဂွေးချောင်းကြီးကျေးရွာဘက်ကနေ ဆိုင်ကယ်နဲ့အလာ သာလိကာရွာ မရောက်ခင်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“ပစ်ခတ်ရှင်းလင်းခဲ့တာကတော့ M16 နဲ့ ရင်ဘတ်ကို ၁ ချက် ထိပ်ကို ၁ ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ် အခုလက်ရှိကတော့ အလောင်းကို လာမသယ်သေးဘူး။” လို့ ဒုတပ်ခွဲမှူးဗိုလ်မိုးသီး က ပြောပါတယ်။
ကိုသန်းလွင်ဟာ စစ်မှုထမ်းကြေးဆိုပြီး တအိမ်ထောင်ကို ၃ သိန်းကျပ်တောင်းပြီး မပေးတဲ့အိမ်တွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းမယ်လို့ ခြိမ်းခြောက်သလို တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းနဲ့ ထောက်ပို့သတင်းတွေကိုလည်း လိုက်လံစုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။
“ပထမတုန်းက ကြံ့ခိုင်ရေးပါတီဝင်လည်း ဖြစ်တယ် သူက ပြည်သူတေကို ငွေတောင်းခံတယ် မပေးတဲ့အိမ်ဆိုရင် စကစ ကိုခေါ်ပြီး ဖမ်းဆီးချုပ်နှောင်ခိုင်းတယ် ဒါမျိုးတွေပြောနေတာပေါ့ လိုင်းပေါ်တွေမှာ ပျံ့နှံ့နေတာရှိတယ်။” လို့ ကိုမိုးသီး က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ အုတ်ဖိုမြို့ ခြောက်တစ်လမ်းဆုံနဲ့ ၁ မိုင်ခန့်သာကွာဝေးပြီး အုတ်ဖိုတာဆုံဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅ ဦးခန့်ဟာ ခြောက်တစ်လမ်းဆုံကို လာရောက်စစ်ဆေးတာတွေရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မင်းလှမြို့နယ်၊ ရွှေကြီးမြင့်ရပ်ကွက်က စစ်တပ်သတင်းပေးလမ်းပြ စန်းဌေးဟာလည်း PDF နောက်တန်းအချုပ်မှာ ထိန်းသိမ်းထားစဉ် ယနေ့ မေလ ၂၂ ရက် နံနက် ၇ နာရီခန့်က တပ်ခွဲ ၅ ကရဲဘော်တွေကို ခုခံထွက်ပြေးတဲ့အတွက် လိုက်လံပစ်ခတ်ဖမ်းဆီးရာမှာ ကျည်ထိမှန်သေဆုံး ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။