

မုတ်သုံလေ အားကောင်းလာနိုင်တဲ့အတွက် မြန်မာနိုင်ငံအနှံမှာ မေ ၂၃ မှ ၃ဝ ရက်အထိ နေရာအနှံ့အပြားမှာ မိုးထစ်ချုန်း ရွာမယ်လို့ အထူးမိုးလေဝသသတင်းတရပ်အဖြစ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်ကိုတော့ ယနေ့ မေလ ၂၂ ရက်နေ့ နံနက် ၇ နာရီက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၃-၅-၂၀၂၅ ရက်နေ့မှ ၃၀-၅-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း၊ အရှေ့ပိုင်း) တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင် တယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းပြီး၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ လျှပ်တစ်ပြက်ရေကြီး၊ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့်မို့ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးထားပါတယ်။
လက်ရှိကာလဟာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတွေမှာ နွေစပါးရိတ်သိမ်းနေချိန်ဖြစ်တဲ့အတွက် လယ်သမားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။