

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပျဉ်ပုံရွာ ကိုရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းက တပ်သား ၂ ဦးဟာ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း ၃၈၀၁ ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကြတဲ့ တပ်သား နိုင်ဝေလင်းနှင့် တပ်သားရာဇာမင်း တို့ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ က အလင်းဝင်ရောက်ခဲ့ကြတာဖြစ်ပြီး သူတို့ဟာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နဲ့ ကျုံပျော်မြို့ တို့က ဖြစ်ကြကာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခေါ်ခံခဲ့ရတာလို့ ၃၈၀၁ က ယနေ့မေလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
“ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခိုင်းခြင်း ပြည်သူများအားဖမ်းဆီးနှိပ်စပ်ခိုင်းခြင်းများကြောင့် ထွက်ပြေးလာခဲ့ကာ တပ်ရင်း-၃၈၀၁ ထံအလင်းဝင်ရောက်ခဲ့တာ” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
သူတို့နှစ်ဦးဟာ တပ်တွင်းနေထိုင်စဉ်က ကင်းနဲ့ တပ်တွင်းသက်သာချောင်ချိရေး လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ရပြီး ယခုလို နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာကို စစ်ကြောင်းနဲ့အတူ ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။
အလင်းဝင်ရောက်ရာမှာတော့ MA 1 သေနတ် (၂) လက် လက်ပစ်ဗုံး (၁) လုံး စကားပြောစက် (၁) လုံး ၊ကျည်ဘောက် (၆) ခု ပါလာခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြန်လည်တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။