ငပုပ်တွေကြောင့် လှေပုပ်ရတော့မယ် အာရီး

ဒီကနေ့သတင်းတခု ဖတ်လိုက်ရတယ်။ အာစီယံကြီးက အာစီယံထိပ်သီးညီလာခံကြီး မကျင်းပသေးမီ၊ မြန်မာ့အရေးအတွက်ဆွေးနွေးပွဲ ၂ ခုကြီးများတောင်လုပ်အုန်း မလို့တဲ့လေ။

ဘာတဲ့ တခုက အာစီယံ လက်ရှိဥက္ကဌ၊ ဥက္ကဌဟောင်း၊ နောင်လာလတ္တံ့သော ဥက္ကဌ ပါဝင်မတဲ့။ နောက်တခုက အာဆီယံနိုင်ငံများရဲ့ နံနံခြားရေးဝန်ကြီးများသာ သီးသန့် ဆိုသကိုး။

အာစီယံအဖွဲ့ကြီးဟာလေ ဗမာစစ်အုပ်စုကို အဖွဲ့ဝင်ခွင့်ပေးလိုက်မိကတည်းက ဖွတ်တက်လာလိုက်တာ ယနေ့ထက်တိုင်ပါပဲ။ ဗမာပြည်ရဲ့ လက်ရှိ စစ်အုပ်စုကတော့ အဆိုးရွား အစုတ်ပဲ့ဆုံး ဆိုတာလည်း အခုလောက်ဆို သိလောက်ရောပေါ့။ တကယ့်ကို ဗူးနပင်းရေသွင်း စကစ။

လူ့ယဥ်ကျေးမှုရဲ့ အပြင်ဘက်အဖွဲ့အစည်း စကစကို ယဥ်ကျေးမှု သင်တန်း သွားပေးနေလို့ကတော့ အာစီယံရေ၊​ ဖွတ်မရ ဓားမပါဆုံးဖို့ ရှိတော့တယ်ဟ။
အာစီယံက ချမှတ်ပေးလိုက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာလည်း စကစ အုပ်စုက တိုင်မှတ်လို့တောင် နှပ်မသုတ်ပေါင်ဗျာ။ ၄ နှစ်တောင် ရှိပေါ့။

အဲဒါကိုများ အာရီးတို့က လာလာချည်သေး။ ဆွေးနွေးပွဲ ၂ ရပ်တောင်လုပ်အုန်းမယ်ဟုတ်စ။ ဟ ဟ ပဲရမယ် အာရီး။

အာရီးတို့လည်းဟို ပုံပြင်ထဲက ငှက်တွေလိုဖြစ်တော့မယ်။ တခါက သစ်ပင်ကြီးတစ်ပင်မှာ ငှက်တစ်အုပ်နေကြသတဲ့။ ငှက်တွေဟာမိသားစုဘဝလုံခြုံဖို့အတွက် အသိုက်တွေဆောက်ကြသတဲ့။

မကြာခင်မိုးရာသီရောက်တော့မှာ ဆိုတော့ အထူးစီမံချက်နဲ့ဆောက်ကြတာပေါ့။ မိုးရာသီတနေ့မှာ လေကြမ်းမိုးကြမ်းဆော်ပါလေရော။ အဲဒီအချိန် မျောက်တစ်ကောင်မိုးထဲလေထဲခိုက်ခိုက်တုန်ပြီးသစ်ပင်ကြီးဆီရောက်လာတယ်။ ငှက်ကလေးတွေကကြည့်ရင်းသနားလာတော့၊ ငါတို့အသိုက်က မင်းအတွက်နေထိုင်အရိပ်ခိုဖို့ မဖြစ်နိုင်လို့မင်းကို အကူအညီမပေးနိုင်တာခွင့်လွှတ်ပါလို့ ပြောကြတာပေါ့။

ပြီးတော့ မင်းလည်းအခုလိုဒုက္ခမရောက်အောင် အသိုက်ဆောက်ဖို့အကြံပေးပါရစေလို့ ပြောကြတာပေါ့လေ။ အဲဒီမှာ မျောက်က မင်းတို့ကလားကွ ငါ့ကို ဆရာကြီးလာလုပ်တာဆိုတဲ့ပြီးငှက်ကလေးတွေရဲ့အသိုက်တွေကိုချိုးဖဲ့ဖျက်ဆီးပစ်လိုက်တာ၊ ငှက်ကလေးတွေပါ ဒုက္ခတွေ့ကုန်ကြပါလေရောတဲ့။

မိုက်မဲစုတ်ပဲ့တဲ့သူကို စေတနာထားမိရင်၊ ကိုယ်ပါဒုက္ခတွေ့တတ်တယ် အာရီးရေ။ အကောင်းဆုံးကတော့ ရိုက်ပုတ်နှင်ထုတ်ပစ်တာပါပဲ။

အာရီးတို့ကိုယ်တိုင်ကလည်း ငပုတ်တွေပဲဆိုရင်တော့၊ စကစ ငခုံးမရောက်လာလည်း အပုပ်ပြိုင်ပွဲလုပ်လိုက်ကြရုံ ပေါ့လေ။

ခုတလော အာရီးတို့ ငခုံးမကြီး၊ စကားတွေတောင်စဥ်ရေမရဖြစ်နေပြီနော။ နုကြည်ဝက ဒေါက်တာဇော်ဝေစိုးက ၂၀၂၅ မှာနုကြည်ကို နောက်တဆင့်မြှင့်မယ် ဘာညာပြောပြီးကတည်းက၊အာရီးတို့ ငခုံးမကြီးစကားတွေ မူမမှန်တော့ဘူး။

အရေးထဲတောင်ငူလေတပ်ထဲ မမ တွေလာလို့ ဗလောင်ဆူ၊ ဒူးဝါးတို့အရပ်က ငှက်ကင်နံ့လေးကတသင်းသင်း၊ ရက မှာ ဝန်နကျော်ထင်ကြီး ဖော်ပင်သွားတာ တထင်းထင်း။

အာရီးရေ သတိတော့ထားပေါ့။ စကစ ကိုသူတို့နားလည်တဲ့ ဘာသာစကားနဲ့ ပြောနေတယ်။

နွေဦးက ဟောတဲ့ တော်လှန်ရေးတရားဟာ
ဘယ်နွားကိုမှ ပလာတာ မကျွေးတော့ဘူး။
ဘယ် သုနက္ခကိုမှ ဓမ္မစင်္ကြာရွတ် မပြတော့ဘူး။

ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ

You may also like these