

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပိတ်ချင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ် ကို ပြည်ခရိုင်အမှတ်(၁) ၃၆၀၁ တပ်ရင်း တပ်ခွဲ(၁) က ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၃ ရက်နေ့ ၁၁ နာရီခန့်က သရက်သုံးပင်ရွာကနေ ရုံးပင်တက်ရွာ ဘက်ကို ခြေလျင်ထွက်လာတဲ့ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ် ကို ဘရန်းကန်ရွာကြားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောပါတယ်။
“သူကိုကျနော်တို့ အင်အားအများကြီးမသုံးပါဘူး။ အင်အား သုံးလေးယောက်ပါပဲ။ လက်နက်ငယ်နဲ့တချက်တည်းပဲ ရှင်းခဲ့တယ်” လို့ ရဲဘော် Shadow က ဒို့ပြည် ကို ပြောပါတယ်။
ပစ်ခတ်မှုအပြီး နေ့လည် ၂ နာရီကျော်ခန့်မှာ သဲကုန်းမြို့ပေါ်ကနေ စစ်ကောင်စီတပ်သား ၂၀ ခန့်ဟာ ဆိုင်ကယ် ၁၀ နဲ့ ရောက်ရှိလာတဲ့အတွက် ထပ်မံပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
“အလောင်းကိုလာကောက်တဲ့အချိန်မှာ ဆိုင်ကယ်ယာဉ်တန်းကိုလည်း မိုင်းဆွဲပြီးတိုက်ခိုက်ခဲ့သေးတယ်။ တိုက်ခိုက်ခဲ့ပြီးချိန်မှာ လက်နက်ငယ်တွေနဲ့ ပြန်လည်တိုက်ခိုက်တာရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်” လို့ ရဲဘော် Shadow က ဆက်ပြောပါတယ်။
အုပ်ချုပ်ရေးမှူးကျော်ဝင်းထွဠ်ဟာ စစ်ကောင်စီအတွက် အုပ်စုအတွင်း စစ်မှု့ထမ်းလူအင်အားစုဆောင်းပေးရုံတင်မက စစ်မှု့ထမ်းသူများကို လစာနဲ့သင်တန်းစားရိတ် ထောက်ပံ့ရမယ် ဆိုပြီးအုပ်စုအတွင်း တအိမ်ထောင်ကို ငွေသုံးသောင်း ကနေ ငါးသောင်းအထိ ကောက်ခံကာ စစ်ကောင်စီအတွက် ငွေများ ကောက်ခံပေးနေသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကျော်ဝင်းထွဋ် နဲ့ ပတ်သက်တဲ့ အချက်အလက်အသေးစိပ်ကိုတော့ ဒို့ပြည် က စုံစမ်းနေဆဲဖြစ်ပါတယ်။