

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲက ပေါင်းစပါးကျေးရွာမှာ စစ်ကောင်စီက ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယမန်နေ့ မေလ ၂၅ ရက်နေ့ နေ့လည်က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တာကြောင့် ပေါင်းစပါးရွာက အသက် ၅၀ အရွယ်အမျိုးသမီးဟာ သေဆုံးခဲ့ပြီး ချက်ချင်းမြေမြှပ် လိုက်ကြတယ်လို့ သိရပါတယ်။
“သေနတ်နဲ့ပစ်သတ်ခံရတာ ပွဲချင်းပြီးသေတယ်။ ချက်ချင်းပဲမြေမြှပ်တယ်။ ယောင်္ကျားလေးတယောက်ကတော့ ခြေထာက်ကိုထိတာ အခုဆေးရုံမှာ တက်နေတယ်။ တိုက်ပွဲလည်းမရှိဘူး။ ဘာ PDF မှလည်းမရှိပါဘူး အဲဒါကို ဒီအတိုင်း လာခြိမ်းခြောက်တာ” လို့ ဒေသတွင်းက အမျိုးသမီးတဦး က ဒို့ပြည် ကို ပြောပါတယ်။
ပစ်ခတ်မှုအပြီး အဲဒီညနေမှာပဲ စစ်ကား ၂ စီးနဲ့ လူငယ်တွေကို စစ်မှုထမ်းဖမ်းဆီးသွားသေးတယ်လို့ ပြောပါတယ်။
“သူတို့က ခဏခဏလာတယ်။ ရွာက လူတေ အကုန်ကြောက်နေကြပြီ။ ပြေးမယ်ဆိုရင်လည်း ပြေးမဲ့နေရာက မရှိ ပတ်ထားတာရွာတွေကို” လို့ ဒေသခံက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးနဲ့ သေနတ်ကျည်ထိမှန်ခဲ့တဲ့ အမျိုးသား တို့ရဲ့ အသေးစိပ်အချက်အလက်တွေကိုတော့ ဒို့ပြည် က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း ပေါင်းစပါးရွာနဲ့ ဆူးပုတ်ကုန်းရွာတွေကို စစ်ကောင်စီတပ်သား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးပြီး ပစ်ခတ်မီးရှို့ခဲ့တဲ့အတွက် ဒေသခံတွေဟာ ရှောင်တိမ်းခဲ့ကြရပါသေးတယ်။