

ယနေ့ မေလ ၂၆ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်းလုံးမှာ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ကိုတော့ ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ခင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး မုတ်သုံလေအားကောင်းတဲ့အတွက် မိုးသည်းထန်ရွာတာနဲ့အတူ လေပြင်းတိုက်ခိုက်တာ၊ လျှပ်စစ်လက်၊ မိုးကြိုးပစ်၊ နေရာကွက်မိုးကြီးတာ၊ မိုးသီးကြွေ၊ လျှပ်တပြတ်ရေကြီးတာ မြေကျွံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ ပိုမိုဂရုပြုကြဖို့ သတိပေးထားပါတယ်။
အလားတူ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကလည်း နောက် ၂ ရက်အတွက် ခန့်မှန်းချက်မှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့မှာ မိုးဆက်လက်ပိုနေမယ် လို့ ယနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။