

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးချစ်လင်းကို နေအိမ်အတွင်းမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁) တိုက်ခိုက်ရေး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မေလ ၂၇ ရက် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ချစ်လင်း အိမ်မှာရှိနေချိန် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးရဲဘော်တွေက နေအိမ်အတွင်းကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာ လို့ အဲဒီတပ်ဖွဲ့ တာဝန်ခံက ဒို့ပြည် ကို ပြောပါတယ်။
“သူနေတဲ့ အိမ်ကို တော်လှန်ရေးရဲဘော်တွေ သွားတဲ့အခါ သူ့ကိုတွေ့လို့ တခါတည်းရှင်းခဲ့တာပါ။ ခေါင်းကို ၂ ချက်ပစ်ရှင်းတာ နေရာမှာပဲသေဆုံးခဲ့တယ်။ 9 မမ အတိုနဲ့ ပစ်ခတ်ခဲ့တာပါ” လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
ချစ်လင်းဟာ အုပ်ချုပ်ရေးမှူးမဖြစ်မီကတည်းက စစ်ကောင်စီလက်ကိုင်တုတ် အဖြစ် လုပ်နေသူဖြစ်ပြီး အုပ်ချုပ်ရေးမှူး လုပ်တာ ၈ လခန့်သာရှိသေးပြီး လက်ပံတန်းတဝိုက် စစ်မှုထမ်းဖမ်းဆီး ပေါ်တာဆွဲတာမှာ ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ခဲ့လို့ ရှင်းလင်းလိုက်တာလို့ သူက ဆက်ပြောပါတယ်။
“အရင်ကတည်းက သတင်းပေးဒလန်လုပ်ခဲ့တာ အရင်နှုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးဟောင်း နေရာမှာ သူ့ကိုခန့်အပ်တာ ၈ လကျော်ပဲရှိသေးတယ်။ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ပိုဆိုးလာတယ်။ စစ်မှုထမ်းစုတာမှာ သူကိုယ်တိုင်လိုက်ပြီး လက်ညှိုးထိုးပြတယ် သတင်းပေးတယ်။ သူကိုယ်တိုင်ဖမ်းဆီးတာတွေလုပ်လာလို့ ပြည်သူတွေက ကျနော်တို့ဆီကို တိုင်တန်းလို့ သွားရှင်းလင်းလိုက်ရတာပါ။” လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ညနေပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချစ်လင်းနေအိမ်နဲ့ လမ်းဆုံတွေမှာ စစ်ဆေးရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။