

မေ ၂၈၊ ၂၀၂၅
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပုတိမ်စုရွာနေ ပျူခေါင်းဆောင်ရာအိမ်မှူးထွန်းထွန်းကို မေလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ထွန်းထွန်းဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ ခြေလျင်ပြန်လာချိန်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ ရဲဘော်တွေက စောင့်ဆိုင်းပြီး ဦးခေါင်းတည့်တည့် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ယနေ့ ညနေမှာပဲ သတင်းထုတ်ပြန်ပါတယ်။
“ဂိတ်နဲ့ တမိုင်အကွာ မှာပါ အတို ၉ မမပစ္စတိုနဲ့ပစ်တာပါ။ စကစဂိတ်က ရွာသစ်ရွာထိပ် သာယာကုန်း အင်အား ၃၀ပါ။ ပစ်ခတ်ပြီးတော့ပြန်လာခဲ့တာ မြေပြင်အနေအထားကိုတော့ မသိရသေးဘူး” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တပ်ခွဲမှူးဗိုလ်တိမ်တိုက် က ဒို့ပြည် ကို ပြောပါတယ်။
ပျူခေါင်းဆောင်ထွန်းထွန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီကို သတင်းပေးတာ၊ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးလူစုတာ၊ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူလူထုကို ငွေကြေးအတင်းအကျပ်ကောက်ခံတာ၊ ငွေမပေးသူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာ၊ မမှန်သတင်းပေးပြီး ပြည်သူတွေကို ဖမ်းဆီးခိုင်းတာ ပြုလုပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေကို ဂရုမစိုက်ဘူးလို့ စိန်ခေါ်ပြီး လူငယ်တွေကိုစစ်ကောင်စီတပ်ထဲ အတင်းအကြပ် ထည့်သွင်းတာတွေကိုလည်း ပြုလုပ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျူခေါင်းဆောင်ထွန်းထွန်းဆီကနေ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ထားတဲ့ ဖုန်းတလုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထွန်းထွန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ဒို့ပြည်က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အလားတူ အဲဒီနေ့ နံနက် ၁၁ နာရီခွဲခန့်ကလည်း လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးချစ်လင်းကို နေအိမ်အတွင်းမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁) တိုက်ခိုက်ရေး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
သတင်း-ခက်ငြိမ်း