ပေါက်ခေါင်းက ရွာ ၂ ရွာကို စစ်တပ်မီးရှို့ ဒေသခံတွေ အရေးပေါ်ရွေ့ပြောင်းရ စစ်ကြောင်းမှာ Jammer တွေပါလာပြီး ဒေသတွင်း ဆက်သွယ်ရေး ခက်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတယ် လို့ ဒေသခံတွေက ဒို့ပြည် ကို ပြောပါတယ်။

ယနေ့ မေလ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ကွမ်းအုံစုရွာကို နံနက် ၈ နာရီခွဲမှာ မီးစတင်ရှို့ခဲ့တယ်လို့ သိရတယ်။

“မနက်ကအစောကြီးစစ်ကြောင်းထိုးလာတာ။ ကွမ်းအုံစုကိုမီးရှို့တယ်။ ဒေသခံတွေက လှည်းတွေနဲ့ စပြီးစစ်ရှောင်ကြရပြီ။” လို့ ဒေသခံအမျိုးသမီးတဦး က ပြောပါတယ်။

လက်ရှိမှာတော့ ကွမ်းအုံစု နဲ့ ကြို့ပင်ဝိုင်း က ဒေသခံတွေရှောင်ရှားနေကြရတယ်လို့ သိရပါတယ်။

“ဒေသထဲကိုဆက်သွယ်ဖို့ ခက်နေတယ်။ စစ်ကြောင်းမှာက ဂျန်ပါတွေပါလာပြီး ဖုန်းလိုင်းတွေဖြတ်ထားတယ်လို့ သိရတယ်။ အခြေအနေကအသေးစိပ်မသိရသေးဘူး” လို့ ဒေသခံအမျိုးသမီး က ပြောပါတယ်။

ဒါ့အပြင် အိုင်ဇောက်ရွာကိုပါ မီးရှို့နေပြီး အိမ်ခြေအတော်များများ လောင်ကျွမ်းနေပြီလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။ သိုက်ချောင်းရွာကို ထပ်မံမီးရှို့နေပြီး မီးရှို့ခံနေရတဲ့ ကျေးရွာ ၃ ရွာခန့် ရှိလာကာ ကွမ်းအုံစုရွာမီးရှို့ခံရတာမှာ အိမ်ခြေ ၂၀ ခန့်ဆုံးရှုံးသွားပြီလို့ ပြီလို့ ဒေသတွင်း သတင်း တွေက ဖော်ပြထားပြီး ဒို့ပြည်အနေနဲ့ ဒီအချက်ကိုတော့ အတည်ပြုဖို့ ဆက်လက်ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ ကလည်း သိုက်ချောင်းကျေးရွာကိုစစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၅ လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေရှောင်တိမ်းခဲ့ရပါသေးတယ်။

အဲဒီမီးရှို့ခဲ့တဲ့ တပ်ကိုတော့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ အမှတ် ၁ တပ်ရင်း တပ်ခွဲ ၁၊ တပ်ခွဲ ၄ ၊တပ်ခွဲ ၅ နှင့် ပေါက်ခေါင်း ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတဲ့အတွက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

 

ပုံစာ – ယနေ့မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက စစ်ရှောင်ထွက်လာကြတဲ့ဒေသခံတွေ

You may also like these