

စစ်ရှောင်တွေကိုကူညီနိုင်ရေး ဆက်လက်လုပ်ဆောင်နေ
မေ ၃၁၊ ၂၀၂၅။
ပဲခူးယူနစ် ဖက်ဒရယ်အင်အားစု(BUFF) ကဦးဆောင်ပြီး ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ်တွေမှာနေထိုင်ကြတဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
အဲဒီလိုကူညီရာမှာ တောင်ငူမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဖြူးမြို့နယ် တို့ကို စုစုပေါင်းကူညီပံ့ပိုးမှု ကျပ်သိန်း ၂၇၀ အထိ ပြည်သူမှပြည်သူသို့ တိုက်ရိုက်ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဖွဲ့အနေနဲ့ ငလျင်ဖြစ်ပွားပြီးပြီးချင်း အစည်းအဝေးပြုလုပ်ကာ ကူညီဖို့ဆွေးနွေးခဲ့သလို ငလျင်လှုပ်ခတ်အပြီး ၂ ရက်အကြာ မြေပြင်နဲ့ချိတ်ဆက် စာရင်းကောက်ယူမှုတွေဆက်လက် လုပ်ဆောင်ခဲ့ကာ ဧပြီလ ဒုတိယအပတ်ကနေစတင်ပြီး တလလုံးမြေပြင်ကူညီမှုတွေဆောင်ရွက် ခဲ့တယ်လို့ ပဲခူးယူနစ် ဖက်ဒရယ်အင်အားစုပြောရေးဆိုခွင့်ရှိသူတဦး က ဒို့ပြည် ကို ပြောပါတယ်။
“ပြည်သူကနေပြည်သူကို ကူညီနိုင်ဖို့ သက်ဆိုင်ရာမိတ်ဆွေ အချင်းချင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း စတင်ပြီး ကောက်ယူတာလုပ်တယ်။ ရရှိလာတဲ့အလှူငွေကို ကူညီနိုင်ဖို့အတွက် အဖွဲ့အတွင်းမှာ ဦးစားပေးသတ်မှတ်တယ်။ နောက်ဆုံးတော့ လူသားအရင်းအမြစ်တွေကို အလေးထားကူညီဖို့ ဆိုတာကို ဆွေးနွေးဖြစ်တယ်။ အဲဒီကရရှိလာတဲ့စာရင်းဇယားတွေနဲ့ မြေပြင်မှာရှိတဲ့ အင်အားစုတွေကြားမှာ ပေါင်းစပ်ချိတ်ဆက်ပြီး ကူညီမှုတွေကိုစတင်နိုင်ခဲ့တယ် ကူညီမှုတွေကတော့ ဧပြီလ ဒုတိယပတ်ကနေ တလလုံးမြေပြင်ကူညီမှုကို ဆောင်ရွက်ခဲ့တယ်။” လို့ သူက ဆက်ပြောပါတယ်။
ဒေသအင်အားစုများက ပေးပို့လာတဲ့ စာရင်းတွေအတိုင်း တအိမ်ထောင်လျင် ၅၀၀၀၀ ကျပ် နဲ့ အိမ်ခြေ (၅၅၃)အိမ်၊ လူဦးရေ ၂၂၄၀ ဦး အတွက် စုစုပေါင်း ပံ့ပိုးကူညီမှု သိန်းနှစ်ရာ့ခုနှစ်ဆယ်ကို ပြည်သူမှပြည်သူသို့ တိုက်ရိုက် ပံ့ပိုးကူညီခဲ့တာလို့ သိရပါတယ်။
BUFF ရဲ့ စုဖွဲ့မှုကို တတန်းတူညီမျှ၊ လွတ်လပ်စွာ စုရုံးတိုင်ပင်ပြီး ပဲခူးဒေသ အနာဂတ်ကိုမျှော်ရည်သလို သဘာဝဘေး၊ လူလုပ်တဲ့ဘေးတွေခံစားရတဲ့ပြည်သူလူထုကိုလည်း အချိန်နဲ့တပြေးညီ ကူညီနိုင်ဖို့ မူဝါဒချမှတ်ထားတာရှိတယ် လို့ ဆိုပါတယ်။
ငလျင်ဘေးသင့်ပြည်သူလူထုကို ကူညီခဲ့သလို ပဲခူးတိုင်းအရှေ့ခြမ်း နဲ့အနောက်ခြမ်းတွေမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး စစ်ရေးအရှိန်မြှင့်မှု မီးရှို့မှုတွေကြောင့် ရှောင်တိမ်းနေကြရပြီး နေစရာပျောက်ဆုံးနေရတဲ့ ဒေသခံပြည်သူလူထုတွေကိုလည်း ကူညီနေသလို ဆက်လက်ကူညီနိုင်ဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“အရေးပေါ်ရှောင်တိမ်းလာရတာဖြစ်လို့ အဝတ်အစားအသောက်တွေကအစ ဆေးဝါးတွေ အလုံးစုံလိုအပ်လာတာရှိတယ်။ အဲဒီအခါမှာ ဒီ BUFF အဖွဲ့အနေနဲ့ လိုအပ်တဲ့နေရာတွေကို အခုလို လောလောဆယ်မှာတော့ အဝတ်အထည်ဆေးဝါးတွေ ကို ချိတ်ဆက်ပြီး လှူဒါန်းပေးသွားတာတွေရှိတယ်။ ဆက်လက်လုပ်ဆောင်မှာက မိုးတွင်းလည်းနီးလာပြီဖြစ်လို့ လိုအပ်လာနိုင်တဲ့ အမိုးအကာတွေကိုချိတ်ဆက်ပြီးတော့ လှူဒါန်းနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ထားတာရှိပါတယ်” လို့ BUFF ပြောရေးဆိုခွင့်ရှိသူ ဆရာမတဦး ကလည်း ဒို့ပြည် ကိုပြောပါတယ်။
ပဲခူးယူနစ် ဖက်ဒရယ်အင်အားစု(BUFF) ကိုတော့ ပဲခူးဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ နိုင်ငံရေးအင်အားစုအဖြစ် ၂၀၂၅ ခုနှစ်မှာစုဖွဲ့ခဲ့ပြီး အလျားလိုက်ချဉ်းကပ်မှု မြေပြင်မှအစပြုတဲ့ လုပ်ဆောင်မှု (Bottom-Up Approach) ဖြင့် ဆောင်ရွက်နေတဲ့ နိုင်ငံရေးအင်အားစုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
#ဒို့ပြည်
#ပဲခူးယူနစ်ဖက်ဒရယ်အင်အားစု #BUFF #ပဲခူးတိုင်း #စစ်ရှောင် #ငလျင် #သဘာဝဘေးအန္တရာယ် #ကူညီကယ်ဆယ်ရေး #နိုင်ငံရေး #လူထု #သတိပြုပါ #မျှဝေပါ