“မတူးဘဲလဲတဲ့ ညောင်ပင်ကြီးနဲ့ ယတြာမင်းလောင်းပုတ်သင်ဥ”

ဇွန် ၁၊ ၂၀၂၅။

ဆာဆနာပြုမင်းတြားကြီးအုပ်စိုးစဥ်မို့ထင်ပါရဲ့။ ဖြစ်လိုက်သမျှတွေက အဆယ်တကြမ်းအဆန်းတကြယ်တွေချည်း။

ဟော အခုလာပြန်ချေပြီ။ ပြည်မြို့ ရွှေဆံတော်ဘုရားပေါ်က ညောင်ပင်ကြီးအမြစ်ကနေကျွတ်ပြီး လဲကျသွားလို့ဆိုပါလား။ ဗုဒ္ဓဂယာကနေပင့်ဆောင်လာတဲ့ ဗောဓိညောင်တဲ့လေ။ ဇေယျတုတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ယုံကြည်ကိုးကွယ်မှုဆိုင်ရာတွေထဲမှာ ဗောဓိညောင်ပင်ဆိုတာလည်းတစ်ခုအပါအဝင်။ ဗုဒ္ဓဘုရားရှင်ဘုရားအဖြစ်ကို ရရှိတော်မူခဲ့တာလည်း ဗောဓိပင်ခြေမှာလို့ ကြားဖူးမှတ်ဖူးခဲ့တာကိုး။

အဲဒါကြောင့်လည်း ကဆုန်လပြည့်နေ့များမှာ ဗုဒ္ဓအမှီပြုပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်ကိုရေစင်သွန်းပြီးအအေးဓာတ်လှူ၊ သက်တော်လှူခဲ့ကြတာမဟုတ်လား။ ဇေယျတုအထင်အရတော့ ကဆုန်ညောင်ရေသွန်းတယ်ဆိုတာ အရိပ်လှူခြင်း၊အသက်လှူခြင်းလို့ယူဆမိတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ငြိမ်းချမ်းရေး သင်္ကေတဆိုရင်ရသပေါ့။ ဗေဒင်ဆရာများအတွက်တော့ အသက်ကယ်ဖို့ရာ ယတြာသစ်ပင်။ ညောင်ထောက်၊ တံတားဆောက်ဘာညာပေါ့လေ။ ထားတော့။

အခု ကောင်းနိမိတ်အမျိုးမျိုးထွက်တဲ့ ဗောဓိညောင်ပင်ကြီး အမြစ်ကကျွတ်လဲခြင်း မှာတော့ ဗေဒင်ယတြာမပါရင်မဖြစ်တဲ့ မအလ တို့အတွက် ကောင်းရိပ်မထင်တာသေချာပါသဗျာ။ ဒင်းတို့ ပြည်ဝင်ပြည်ထွက်အခါယူတဲ့ မြို့ဆိုတော့ပေါ့လေ။

ဇေယျတု အထင်တော့ဖြင့် စကစကြီးတို့ အတော်ကလေးထိတ်ထိတ်ပျာပျာဖြစ်သွားမှာအသေအချာပဲဗျ။ ပြည် ဆိုတာအာဏာရှင်အဆက်ဆက် သူရို့အာဏာတည်မြဲရေးအတွက် ယတြာချေရာ၊ ဓာတ်ရိုက်ဓာတ်ဆင်ပြုလုပ်ရာနေရာကြီးပဲလေ။ အခု ပြည်မှာသဘာဝတရားကြီးက ညောင်မြစ်တူးချလိုက်တာ စကစကြီးတို့ ပုတ်သင်ဥတွေ ပေါ်တော့မှာပါလား။

ပုတ်သင်ဥပေါ်ဆို အခုပဲအပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီးက အရေးယူမှုတွေစတင်ဖို့အတွက်မဲခွဲဆုံးဖြတ်တော့မယ်တဲ့လေ၊ ဇွန်လထဲမှာ။ စစ်အာဏာရှင်အဆက်ဆက်ကျူးလွန်ခဲ့တဲ့ပုတ်သင်ဥတွေဆိုတာဒုနဲ့ဒေး။ စကစကြီးရဲ့ပထွေး ၂ ကောင်ကလည်း စကစ ဝမ်းသာအောင် လေလည်ပေးရှာသေးတယ် ဆိုလား။

စကစကြီးတို့ဘေးကြပ်နံကြပ် ဖြစ်လိုက်ပုံများကတော့ စစ်ရေးမှာလည်းတုတ်တလုပ်ဒုန်းပြုတ်ပြုတ်ပြုန်း။ သံရေးတမန်ရေးဘက်ကြည့်တော့လည်း ဘင်္ဂလားဒေ့ရှ်ကိုအေအေနဲ့အပေါင်းအသင်းလုပ်ရကောင်းလားဆိုပြီး ရန်သွားတွေ့တာ၊ ဟို ဘ က သံတွေတောင်ပြန်နူတ်သွားသေး။ ငါနဲ့မခေါ်တဲ့ အေအေကိုညည်းလည်းမခေါ်နဲ့ဆိုတဲ့ ကလာအထေးကလေးအထာတွေ။

စကစကြီးတို့သူခိုးသေဖော်ညှိတတ်ပုံများ ကြည့်ကြအုန်း။ ပူတင်ကြီးနဲ့များတောင်စာချုပ်တွေဘာတွေချုပ်လို့တဲ့။ ကမ္ဘာ့အရေးယူမှုတွေကျရောက်လာရင် အပြန်အလှန်ကာကွယ်ပေးကြေးဆိုလား။ ချီးတွင်းထဲကျသူချင်း ချီးစော်မနံအောင်လက်ဝါးနဲ့ ကာပေးကြေးလုပ်နေကြတာလေ။ကာပေးမယ့်လက်ကိုယ်စီမှာလည်းချီးကိုယ်စီနဲ့ပေါ့။

မအလနဲ့ဘောမများ တသိုက်စိတ်ကူးယဥ်နေတဲ့ ရွေးကောက်ပွဲဆိုတာကြီးက မြန်မာ့နိုင်ငံရေးထွက်ပေါက်မဟုတ်ဘူးလို့ အာစီယံဘက်ကအသံထွက်လာလေရဲ့။ အာစီယံလည်းမြန်မာ့အရေးကိုကိုင်တွယ်လာတာ၊ သရက်သီးဆိုလက်ယောင်လိုက်ပြီး ဝဲ လိုက်ရတာကြာပေါ့။ ဥက္ကဌ အဆက်ဆက်သာပြောင်းလာရော၊ အလုပ်မဖြစ်တဲ့ မူ ၅ ချက်ပဲ။ အာစီယံအတွက်ကတော့ မအလ ဆိုတာ၊ ဖတ်ခဲ့ဖူးတဲ့ဟာသလေးလို ဖြစ်နေမလားပဲ။

မိခင်တစ်ယောက် ကလေးထိန်းကျောင်းကိုသွားတယ်။ သူ့ရဲ့သားလေးကိုအပ်ထားလို့အခြေအနေသွားကြည့်တာပေါ့လေ။ ပထမ အထပ်မှာ လိမ္မာသောကလေးများဆိုတဲ့ဆိုင်းဘုတ်တပ်ထားတာတွေ့တော့၊ သူ့သားကိုရှာတယ် မတွေ့ဘူး။ ဒုတိယအထပ်မှာကျတော့ သာမန်ကလေးများတဲ့၊သူ့သားကိုမတွေ့။ တတိယထပ်မှာ ဆိုးသောကလေးများတဲ့ သူ့သားကမရှိပြန်ဘူး။ စတုတ္ထထပ်မှာကျတော့ အလွန်ဆိုးသောကလေးများ အဲဒီမှာလည်း မတွေ့တော့ မိခင်ဖြစ်သူစိတ်ပူသွားပြီပေါ့လေ။

ဒါနဲ့ နံရံကိုကြည့်လိုက်တော့ မြှားလေးကအပေါ်ကိုညွှန်ထားပြန်တာကိုး။ အဲဒီမှာ အမေဖြစ်သူလည်းစိုးရိမ်တကြီးတက်သွားတာပေါ့။ အပေါ်ရောက်တော့ ဆိုင်းဘုတ်မှာ သူ့သားနာမည်တစ်ခုထဲတွေ့ရတော့တာကိုး “ဂျော်နီ”တဲ့လေ။

အခုလည်း အာစီယံအဖွဲ့အတွက်တော့ “မအလ” ဆိုတဲ့ ဆိုင်းဘုတ်ရေးထားရတော့မယ့် ပုံပဲဗျို့။

ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။

Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)

#ဒို့ပြည်
#သရော်စာ #ဆောင်းပါး #ရုရှားခရီးစဉ် #လူထု #သတိပြုပါ #ကာတွန်း

You may also like these