

ရေမသန့်လို့ ဗိုက်နာ၊ ဗိုက်ရစ် ဝေဒနာနဲ့ ယားနာ၊ တုပ်ကွေးတွေဖြစ်
ဇွန် ၂၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ရှောင်ဒေသခံတွေဟာ တောထဲတွေမှာ ဖြစ်သလို ရှောင်တိမ်းနေရတဲ့အတွက် မိုးရွာသွန်းမှုဒဏ်နဲ့ ရေမသန့်ရှင်းမှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသတွင်းကျေးရွာတွေက ရှောင်တိမ်းနေကြရတဲ့ စစ်ရှောင် ၇၀၀၀ ကျော်ရှိတယ်လို့ ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂတွေက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီဒေသခံတွေထဲကမှ လက်လုပ်လက်စား အဆင်မပြေသူ တဝက်ကျော်ကျော်လောက်ပါနေပြီး မိုးရထဲအမိုးအကာမရှိ နေထိုင်ရတာနဲ့ ရေမသန့်ရှင်းလို့ ဖြစ်လာတဲ့နောက်ဆက်တွဲရောဂါတွေကို ခံစားနေရတာလို့ ဒေသခံအမျိုးသားတဦး က ပြောပါတယ်။
“လောလောဆယ်ကတော့ မိုးကလည်းရွာနေပြီ။ တာလပတ်တွေလိုအပ်နေပြီ။ ရှိတဲ့သူကလည်းရှိတယ်။ ဒါပေမဲ့ မပြည့်စုံဘူးပေါ့။ မရှိတဲ့သူကမရှိဘူး။ ရေသန့်ဆေးပြားလိုတယ်။ ရေတွေက မသန့်တော့ ဆိုးကျိုးတွေက ဝင်လာပြီ။ ဗိုက်နာတာ၊ ဗိုက်ရစ်တာတွေဖြစ်လာပြီ။ လိုက်တွေ့ကြည့်တာ အခြေခံလိုအပ်ချက်ကအဲဒါတွေတွေ့လာတယ်။” လို့ သူက ပြောပါတယ်။
လိုအပ်ချက်တွေအနေနဲ့ ရေသန့်ဆေးပြား၊ ယားနာလိမ်းဆေး၊ ရာသီတုပ်ကွေးဖျားနာအတွက်ဆေးဝါး၊ ဓါတ်ဆားရည်ထုပ်၊ အမိုးအကာ ၊ ကုန်ခြောက်တွေလို့ စာရင်းပြုစုထားတဲ့ အမျိုးသမီးတဦး ကလည်း ပြောပါတယ်။
“စစ်ကြောင်းတွေကပြန်မထွက်သေးဘူး။ ရွာတွေကိုပတ်ဝိုင်းထားသလိုဖြစ်နေတာ။ သွားလာရေးကလည်း မလွယ်ဘူး။ အချိန်မရွေးလည်း တိုက်ပွဲတွေက ထဖြစ်နိုင်တယ်” လို့ ဒေသခံအမျိုးသား ကပြောပါတယ်။
မီးရှို့ခံရလို့ စစ်ရှောင်နေရတဲ့ ကျေးရွာတွေကတော့ ကွမ်းအုံစု၊ အိုင်စောက်၊ သိုက်ချောင်း၊ ဒလမဲ၊ တောင်ကန်ကံကလေး၊ မြေနီကျော၊ သဖန်းကိုင်း၊ သစ်ပုတ်၊ မရိုးကျွန်းရွာ တို့ဖြစ်ပြီး အိုင်စောက်ရွာက အသက် ၆၀ အရွယ် လင်မယားနှစ်ဦးဟာလည်း ရွာကို ပစ္စည်းပြန်ယူတာမှာ စစ်ကောင်စီရဲ့ ပစ်သတ်တာကို ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ကန်ကလေးရွာက အသက် ၁၅ နှစ်အရွယ် ကျောင်းသူတဦးဟာလည်း လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်အခြစိုက်ကျောင်းသားသမဂ္ဂ ၃ ဖွဲ့က စစ်ကောင်စီကို ပြင်းထန်စွာကန့်ကွက် ရှုတ်ချထားပါတယ်။