ပဲခူးရိုးမပေါ်မှာ တိုက်ပွဲဖြစ် စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးတွေနဲ့ဗုံးကြဲ

🟥 စစ်ရှောင်တွေ နေအိမ်မပြန်ရသေး အကူညီလိုအပ်နေဆဲ

ဇွန် ၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ရဲ့ အစပ် ပေါင်းတည်မြို့နယ်ထဲ က ထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဒို့ပြည် ကို ပြောပါတယ်။

ဇွန်လ ၃ ရက်နေ့က ပေါက်ခေါင်း-အုတ်တွင်းလမ်းအနီး ပေါင်းတည်မြို့နယ်၊ မရွေးကျွန်းနဲ့ ညောင်နီပင် ကြားက တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယမန်နေ့ ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်မှာလည်း စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

” မရွေးကျွန်းနဲ့ညောင်နီပင်မှာ တိုက်ပွဲဖြစ်ပြီးစစ်တက်ဘက်က အထိနာလို့မနေ့က ဂျတ်ဖိုက်တာနဲ့လည်း လာကြဲတယ်။ စပ်တပ်လေထီးသုံးစီးနဲ့ လဲလာကြဲတယ် ဒီနေ့လဲ စက်တပ် လေထီးနဲ့လာကြဲပါသေးတယ်။ ပြည်သူနဲ့ရဲဘော်တွေတော့ ထိခိုက်မူမရှိဘူးလို့သိရပါတယ်” လို့ ဒေသခံတဦးက ဒို့ပြည်ကို ယမန်နေ့ ဇွန်လ ၄ ရက်နေ့က ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖက်က အကျအဆုံးများတယ်လို့ ဆိုပေမဲ့ ဒို့ပြည်က သေဆုံးမှုစာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။

“တိုက်ပွဲဖြစ်တဲ့နေ့မှာ ဂျက်ဖိုက်တာနဲ့ ကြဲတာလို့ သိရတယ်။ အသေးစိပ်ကိုတော့ သတင်းထုတ်ပြန်လိမ့်မယ်။ ဂျက်ဖိုက်တာတင်မဟုတ်ဘူး ညနေပိုင်းကို စက်တပ်လေထီးပါလာကြဲတာ” လို့ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦး က ဒို့ပြည်ကို အတည်ပြုပါတယ်။

အခုလို တိုက်ပွဲတွေမဖြစ်ခင်မှာတော့ ပေါက်ခေါင်းမြို့နယ်ထဲမှာ မေလ ၂၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသတွင်းကျေးရွာတွေက ရှောင်တိမ်းနေကြရတဲ့ စစ်ရှောင် ၇၀၀၀ ကျော်ရှိတယ်လို့ ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂတွေက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလိုရှောင်တိမ်းနေကြရတဲ့ကျေးရွာတွေကတော့ ကွမ်းအုံစု၊ အိုင်စောက်၊ သိုက်ချောင်း၊ ဒလမဲ၊ တောင်ကန်ကံကလေး၊ မြေနီကျော၊ သဖန်းကိုင်း၊ သစ်ပုတ်၊ မရိုးကျွန်းရွာ တို့ဖြစ်ပြီး အိုင်စောက်ရွာက အသက် ၆၀ အရွယ် လင်မယားနှစ်ဦးဟာလည်း ရွာကို ပစ္စည်းပြန်ယူတာမှာ စစ်ကောင်စီရဲ့ ပစ်သတ်တာကို ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ကန်ကလေးရွာက အသက် ၁၅ နှစ်အရွယ် ကျောင်းသူတဦးဟာလည်း လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မိုးကတော့ဆက်နေတယ်။ ပြီးခဲ့တဲ့ရက်ကတိတ်သွားသေးတယ်။ မနေ့ကတော့ ပြန်ရွာတယ်။ နေအိမ်တွေ မပြန်ကြရသေးဘူး ရှောင်နေကြရဆဲပဲ။ အကူညီတွေကတော့လိုတယ်” ဒေသခံတဦးကလည်း ပြောပါတယ်။

စစ်ရှောင်ရသူတွေထဲက လက်လုပ်လက်စား အဆင်မပြေသူ တဝက်ကျော်ကျော်လောက်ပါနေပြီး မိုးရထဲအမိုးအကာမရှိ နေထိုင်ရတာနဲ့ ရေမသန့်ရှင်းလို့ ဖြစ်လာတဲ့နောက်ဆက်တွဲရောဂါတွေကို ခံစားနေရတာလို့ ဒေသခံအမျိုးသားတဦး က ပြောပါတယ်။

လိုအပ်ချက်တွေအနေနဲ့ ရေသန့်ဆေးပြား၊ ယားနာလိမ်းဆေး၊ ရာသီတုပ်ကွေးဖျားနာအတွက်ဆေးဝါး၊ ဓါတ်ဆားရည်ထုပ်၊ အမိုးအကာ ၊ ကုန်ခြောက်တွေလို့ စာရင်းပြုစုထားတဲ့ အမျိုးသမီးတဦး ကလည်း ပြောပါတယ်။

You may also like these