

ဇွန် ၅၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ထဲက ကျေးရွာတွေကို စစ်ကောင်စီက ယနေ့ ဇွန်လ ၅ ရက်နေ့မှာလည်း စက်တပ်လေထီး ၃ စီးနဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယနေ့ ညနေပိုင်းက ပေါင်းတည်မြို့နယ်ထဲက ပြန်ချီတက်ရွာနဲ့ သစ်ပုတ်ရွာကြား တာလမ်းကို ဗုံးကြဲချခဲ့တဲ့အတွက် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာလို့ ပြောပါတယ်။
“တာလမ်းပေါ်ကြဲချတာလမ်းဘေးက ဆန်စက်ကြီးတခြမ်းပါသွားတယ်။ ရွာသားတဦးရဲ့ နေအိမ်တခြမ်းလည်းပါသွားတယ်။” လို့ ဒေသခံအမျိုးသမီးတဦး က ပြောပါတယ်။
အဲဒီစက်တပ်လေထီး ၃ စီးဟာ နေ့လည် ၁ နာရီခွဲခန့်က ပြည်မြို့ကနေ ပျံတက်ခဲ့တာဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်ရွာတွေပေါ်မှာ ပျံသန်းခဲ့သလို ပဲခူးရိုးမအစပ်မှာရှိတဲ့ နေရာတွေကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ညောင်နီပင်ကျေးရွာမှာ ရှိနေသေးတယ်လို့လည်း ဒေသခံက ပြောပါတယ်။
“ညောင်နီပင်မှာ တပ်စွဲထားတယ်။ အရင်ရက်က ရွာထဲကကားပေါ်မှာထားတဲ့ စျေးကုန် သိန်း ၆၀ ဖိုးအကုန်စားသောက်သွားတာ ကားပဲထားသွားတယ်။” လို့ ဒေသခံတဦး ကလည်း ပြောပါတယ်။
ဇွန်လ ၃ ရက်နေ့က ပေါက်ခေါင်း-အုတ်တွင်းလမ်းအနီး ပေါင်းတည်မြို့နယ်၊ မရွေးကျွန်းနဲ့ ညောင်နီပင် ကြားက တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယမန်နေ့ ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်မှာလည်း စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။