

ယနေ့ ဇွန်လ ၉ ရက်နေ့ဟာ ဆရာဗန်းမော်တင်အောင်(၁၀၅) နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဆရာ့ရဲ့ သမိုင်းတာဝန်၊ လူထုတာဝန်၊ သတင်းစာတာဝန်၊ နိုင်ငံရေးတာဝန်တွေ ကျေပွန်ခဲ့မှုတွေအတွက် အမှတ်တရအနေနဲ့ ဆရာတင်မိုး ကဗျာကို ဖော်ပြလိုက်ပါတယ်။
“ကြယ်နီရောင်”
အဖိနှိပ်ခံ ပြည်သူတွေရှေ့က
အလံဝှေ့ယမ်းနေတဲ့ စာပေခေါင်းဆောင်
စာရေးဆရာ ဗန်းမော်တင်အောင်။
လင်းယုန်ရဲ့ အတောင်ပံကိုရိုက်ချိုးဖို့
ကိုကိုးကျွန်းနဲ့ အကျဉ်းထောင်
ပင်လယ်ကျောက်ဆောင်နှင့် လှိုင်း
မုန်တိုင်းတွေကြားထဲမှာ
ရဲရင့်စွာ ခေါင်းဆောင်
အဲဒါ ဗန်းမော်တင်အောင် ။
မတရားမှုကို တိုက်ပွဲဝင်
ဖြူစင်တဲ့ အကျင့်စာရိတ္တ
အခွင့်ထူး မမက်တဲ့ သီလ
ခေါင်းမငုံ့တတ်တဲ့ မာနနဲ့
စိတ်ဓာတ်မကျဘဲ ရှေ့က ဦးဆောင်
အဲဒါ ဗန်းမော်တင်အောင်
အမိုက်မှောင်ဆုံး ကာလတွေမှာ
ထွန်းပခဲ့တဲ့ စာပေကြယ်နီရောင်
ပြည်သူတို့ရဲ့ ဗန်းမော်တင်အောင် ။
တင်မိုး
(၂ – ၁၀ – ၉၈)
ဆရာဗန်းမော်တင်အောင် ပန်းချီပုံတူကို မိုးမခ မီဒီယာက ကူးယူဖန်တီးထားပါသည်။
#ဒို့ပြည် ဝိုင်းတော်သားများ။