ရွှေတောင်မှာ ရွာတွေကိုပိတ်ဆို့ပြီး အိမ်တွေထဲအထိ လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းဆီး

ဆိုင်ကယ်သိမ်းပြီး လူကို ၅ သိန်းနဲ့ရွေးခိုင်း

ဇွန် ၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ရွေတောင်မြို့နယ် ထဲက ကျေးရွာတွေမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးမှု ကြမ်းတမ်းနေတယ်လို့ ဒေသခံတွေက ဒို့ပြည် ကိုပြောပါတယ်။

ရွေတောင်မြို့နယ်၊ ဇီးကျွန်းအုပ်စု၊ ဧရာဝတီမြစ်ကမ်းဘေးက တံငါတွေနေထိုင်ရာ ဧရာဦးကို ယမန်နေ့ ဇွန်လ ၈ ရက်နေ့ညက နေအိမ်တွေထဲထိ ဆိုင်ကယ်တွေကို ဝင်ဖမ်းခဲ့တယ်လို့ မြို့ခံတဦး က ဒို့ပြည် ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ၇က်နေ့ကလည်း ဆင်သေအုပ်စု၊ ဆည်ကြီးကျေးရွာကို ပိတ်ဆို့ကာ စစ်ကောင်စီတပ်သား(၁၀) ဦး၊ ရဲတပ်ဖွဲ့တွေနဲ့ ဇီးကျွန်းအုပ်စုအုပ်ချုပ်ရေးမှူးကျော်မြတ်ထွဋ် ရာအိမ်မှူးဇော်နိုင် တို့ပူးပေါင်းပြီး နေအိမ်တွေထဲကို ဆိုင်ကယ်ဝင်ဖမ်း ခဲ့တယ်လို့ သိရပါတယ်။

“ရွာထိပ်တဖွဲ့ရွာအဆုံးတဖွဲ့ပိတ်ပြီးရွာထဲတင်ဖမ်းတာပါ။ ဆိုင်ကယ်တွေ့ရင် ပိုင်ရှင်ပါခေါ်ပါတယ်။ ဆိုင်ကယ်သိမ်းပြီး လူက ငါးသိန်း နဲ့ပြန်ရွေးရပါတယ်။” လို့ မြို့ခံက ဒို့ပြည် ကိုပြောပါတယ်။

အလားတူ ပြည်ခရိုင်ထဲက အခြားမြို့နယ်တွေမှာလည်း လမ်းကြိုလမ်းကြားပါမကျန် ပိတ်ဆို့ပုန်းကွယ်ဖမ်းဆီးနေပြီး ဆိုင်ကယ်သိမ်းတာ၊ ဒဏ်ငွေရိုက်တာအပြင် လူငယ်တွေကိုဖမ်းဆီးနေပါတယ်။

လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မေလထဲမှာညွှန်ကြားခဲ့တာဖြစ်ပြီး အခြေခံလူတန်းစားတွေမှာ ဆိုင်ကယ်အများစုသာလိုင်စင်မဲ့ရှိနေပြီး၊ သာသနာရေးနဲ့ စစ်ကောင်စီလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေကြားမှာ လိုင်စင်မဲ့ကားစီးနင်းမှု များပြားနေတာဖြစ်ပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
Telegram- t.me/dohpyay
#ဒို့ပြည်
#ပြည်ခရိုင် #ရွှေတောင်မြို့နယ် #လိုင်စင်မဲ့ #စီမံချက် #လူထု #သတိပြုပါ #မျှဝေပါ

You may also like these