

ပြန်လည်ဆောက်လုပ်ရေး အကူညီလိုအပ်
ဇွန် ၁၀၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တဲ့ အတွက် ကျေးရွာ ၄ ရွာက နေအိမ် ၁၅၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီလိုမီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေကတော့ သစ်ရောင်းပြန်အုပ်စု၊ သိုက်ချောင်းကျေးရွာက နေအိမ် ၂၄ အိမ်၊ သဖန်းကိုင်းအုပ်စု၊ မြေနီကျောကျေးရွာက နေအိမ် ၅ အိမ်၊ ဒလမဲကျေးရွာက နေအိမ် ၁၁၀၊ သဖန်းကိုင်းကျေးရွာက နေအိမ် ၁၅ အိမ် စုစုပေါင်း နေအိမ် ၁၅၄ အိမ်မီးရှို့ခံရပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“စစ်ဘေးရှောင်တွေကတော့ စစ်ကြောင်းမရှိတဲ့နေရာတွေကို ပြန်ဝင်နေတယ်လို့ ပြောပါတယ်။ ရွာထဲပြန်ဝင်လို့ရပြီလားဆိုတော့ တချို့တဝက်တော့ပြန်လို့ရတယ် တချို့သူတွေတော့ ပြန်စရာအိမ်မရှိတော့ဘူး မရှိတော့ အဆင်ပြေတဲ့နေရာနေပြီး အိမ်ဆောက်ဖို့ ပြန်လုပ်ကြပေါ့။” လို့ တော်လှန်ရေးအင်အားစုတွေထဲက တာဝန်ရှိသူအမျိုးသားတဦး က ဒို့ပြည် ကိုပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ ကတည်း ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်တွေကိုမီးရှို့ခဲ့တဲ့အတွက် ရှောင်တိမ်းနေရတဲ့ ဒေသခံစစ်ရှောင် ၇၀၀၀ ကျော်ရှိခဲ့တယ်လို့ ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
“မိုးတွင်းဆိုတော့ နေရေးကအရမ်းခက်ခဲတယ်။ အိမ်တွေကလည်း မီးလောင်ကုန်ပြီ။ တချို့အိမ်တွေက အိမ်ကြီးအိမ်ကောင်းတွေ။ ပြန်ဆောက်ဖို့အတော်ခက်တယ်။ ကြာအုံးမှာ” လို့ ဒေသခံအမျိုးသမီးတဦး က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ထိမှန်သေဆုံးခဲ့ရသူနဲ့ ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့ပြီး ဆန်စက်နဲ့ လုပ်ငန်းသုံးနွားတွေ သေဆုံးခဲ့ရတာတွေလည်း ရှိခဲ့ပါသေးတယ်။
မိုးရာသီဖြစ်တဲ့အတွက် စစ်ရှောင်နေရသူတွေထဲမှာ ရေမသန့်ရှင်းမှုရဲ့နောက်ဆက်တွဲ ယားနာ နဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားခဲ့ပြီး ယာယီအမိုးအကာလိုအပ်တဲ့နေရာတွေကို တော်လှန်ရေးအင်အားစုတွေက ကူညီထောက်ပံ့မှုတွေကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပုံစာ-ယာယီတဲနဲ့နေထိုင်နေကြရတဲ့ ပေါက်ခေါင်းစစ်ရှောင်တွေ (ပုံဟောင်း)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
Telegram- t.me/dohpyay
#ဒို့ပြည်
#ပဲခူးရိုးမ #ပြည်ခရိုင် #ပေါက်ခေါင်းမြို့နယ် #ဗကသ #စစ်ကောင်စီ #စစ်ရှောင် #လူထု #သတိပြုပါ #မျှဝေပါ