သဲကုန်းက ပျူစောထီးတဦး ဖမ်းဆီးစစ်ဆေးထိန်းသိမ်းထားချိန် ထွက်ပြေးလို့ ပစ်ဖမ်းရာက သေဆုံး

ဇွန် ၁၂၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တပ်ရွာက ပျူစောထီးဦးအေးကျော်မြင့် အသက်(၅၄) နှစ် ကို ဖမ်းဆီးဆီးထားရာမှာ လက်နက်ငယ်တလက်ကို လုယူထွက်ပြေးသွားတဲ့အတွက် ပစ်ဖမ်းခဲ့ရတယ်လို့ ယနေ့ဇွန်လ ၁၂ ရက်နေ့မှာ ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က တပ်ရွာထိပ်မှာပဲ ဦးအေးကျော်မြင့်ကို ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေဆဲ မေလ ၂၄ ရက် နေ့လည် ၁ နာရီခွဲခန့်မှာ ထွက်ပြေးခဲ့တဲ့အတွက် တာဝန်ကျရဲဘော်တွေက လိုက်လံပစ်ခတ်ဖမ်းဆီးရာ စခန်းနဲ့ မီတာ ၂၀၀ အကွာမှာ အသေဖမ်းမိခဲ့တာလို့ သိရပါတယ်။

“ဟုတ်ပါတယ်။ စခန်းမှာ စစ်ဆေးမေးမြန်းမှု ပြုနေတာပါ။ စစ်ကြောင်းထိုးအခြေအနေတွေနဲ့ လုပ်ဆောင်မှု ကို အဆင့်ဆင့် တင်ပြနေရလို့ ခုမှ သတင်းထုတ်ပြန်တာပါ” လို့ မြေပြင်ရဲဘော်တဦးက ဒို့ပြည် ကိုပြောပါတယ်။

ဦးအေးကျော်မြင့်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အင်းမမြို့၊ တပ်မ ၆၆ ပျူစောထီးအပတ်စဉ် ၁ သင်တန်းကို ၁၄ ရက်ကြာတက်ရောက်ခဲ့ပြီး၊ သဲကုန်းမြို့၊ ရွေကြို့ပင်ရွာလုံခြုံရေးဂိတ်မှာ တရက်ကို ၆၈၀၀ ကျပ်နဲ့ ဂိတ်စောင့်တာဝန်ကိုထမ်းဆောင်ခဲ့သူလို့ စစ်ဆေးရာမှာထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒိုင်နမိုမော်တာဝယ်ယူသူအဖြစ် အသွင်ယူကာ PDF တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုသတင်းတွေ ကို စစ်ကောင်စီတပ်ကိုပေးခဲ့ပြီး သူရဲ့လက်ကိုင်ဖုန်းကိုစစ်ဆေးရာမှာလည်း စစ်ကောင်စီသင်တန်းတွေကို တက်ကြွစွာတက်ရောက်ခဲ့တယ် မှတ်တမ်းတွေကို တွေ့ခဲ့ရတယ်လို့ ပေါက်ခေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဦးအေးကျော်မြင့်နဲ့ ပတ်သက်ပြီး မြေပြင်ရဲဘော်က”စစ်မှုထမ်းအတွက် လူစုဆောင်းပေးတာတွေ ရှိတယ်လို့ စစ်ဆေးမှုမှာ ဖြေကြားတာရှိပါတယ်။ စစ်ရေး အခြေအနေတွေ ရှုပ်ထွေးနေသေးတော့ တခြားပြောစရာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ဦးအေးကျော်မြင့်ရဲ့ သတင်းအချက်အလက်တွေကိုတော့ ဒို့ပြည်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
https://www.tiktok.com/@dohpyay

#ဒို့ပြည်
#သဲကုန်းမြို့နယ် #ပြည်ခရိုင် #ပဲခူးတိုင်း #ပျူစောထီး #တပ်မ၆၆ #ပကဖ

You may also like these