ပဲခူးတိုင်းအတွင်း စည်းရုံးရေးအရှိန်မြှင့်လာတဲ့ ကြံ့ခိုင်ရေးပါတီ

ဇွန် ၁၃၊ ၂၀၂၅။

 

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာပါ ပါတီစည်းရုံးရေးတွေ့ဆုံပွဲတွေနဲ့အတူ မြို့မိမြို့ဖ တွေ့ဆုံပွဲတွေကို မေလမှစတင်ကာအရှိန်မြှင့်လာပြီး ဇွန်လဆန်းမှာတော့ ရက်ဆက်ဆိုသလို ပြုလုပ်လာတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မြို့နယ်၊ ရပ်ကျေးပါတီရုံးခန်းတွေ ပြန်လည်ဖွင့်လှစ်တာနဲ့ သန့်ရှင်းရးလုပ်တာ၊ အလံသစ်လွှင့်ထူတာတွေကိုလည်း ပါတီတာဝန်ရှိသူတွေက ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

အခုလို ပါတီလှုပ်ရှားမှုတွေကိုတော့ တိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်က ဦးဆောင်ပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှာ ပြုလုပ်နေသလို ပဲခူးတိုင်းအနောက်ခြမ်း တိုင်းပါတီဥက္ကဌဦးအောင်ချိုဦး တိုင်းအတွင်းရေးမှူးဦးကျော်ကျော်လင်းတို့က ဦးဆောင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

 

ပါတီ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့မှာတော့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရုံးအားလုံးကနေ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းတွေကို လှူဖွယ်ပစ္စည်းတွေ လှူဒါန်းတာ၊ ဆေးရုံးဆေးခန်းတွေမှာ အာဟာရကျွေးမွေးတာ ပါတီအမာခံတွေနဲ့ တွေ့ဆုံတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ကြံ့ခိုင်ရေးပါတီ အမာခံမြို့တမြို့ဖြစ်တဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ် ဇာတိဖြစ်တဲ့ ဦးဥာဏ်ထွန်းဟာ ၂၀၁၂ ခုနှစ် ဩဂုတ်လမှာ တပ်မတော်သားအစုအဖွဲ့ အမည်စာရင်းတင်သွင်းမှုနဲ့အတူ ဒုသမ္မတ ဖြစ်လာသူဖြစ်ပြီး၊ ဦးဥာဏ်ဝင်း ဟာလည်း ကြံခိုင်ရေးပါတီကနေ ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၁ ခုနှစ်မှာစတင် တာဝန်ထမ်းခဲ့ရဖူးပါတယ်။

 

၂၀၂၅ ခုနှစ်ဧပြီလ နှစ်သစ်ကူး မိန့်ခွန်းမှာတော့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ လူထုပါဝင်ကြဖို့ နှိုးဆော်ထားပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကတော့ ယခုလာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ပါတီတွေကို ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်က အခုလို ရွေးကောက်ပွဲပြုလုပ်ဖို့ကို အစဉ်တစိုက်ပြောဆိုလာချိန်နဲ့ တပြိုင်တည်းဆိုသလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ပါတီတွင်းစည်းရုံးရေးနဲ့ ပါတီအမာခံဒေသခံတွေနဲ့ တွေ့ဆုံမှုတွေကို ဆက်တိုက် ပြုလုပ်လာနေပြီး ပဲခူးတိုင်းဟာလည်း ကြံ့ခိုင်ရေးပါတီအားထားရာ ဒေသတခု ဖြစ်နေပါတယ်။

 

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်ရေးမှာ နိုင်ငံနဲ့အဝှမ်းရှုံးနိမ့်လို့နေပြီး ပဲခူးတိုင်းအတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ အတူ PDF တပ်ဖွဲ့တွေက စစ်ရေးအရှိန်မြှင့်လျှက် ရှိပါတယ်။

 

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။

 

@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)

Website- https://dohpyay.com/

Telegram- t.me/dohpyay

YouTube- https://www.youtube.com/

Tiktok- https://www.tiktok.com/@dohpyay

 

#ဒို့ပြည်

#ပဲခူးတိုင်း #ရွေးကောက်ပွဲ #ပါတီ #စည်းရုံးရေး #လူထု #သတိပြုပါ

You may also like these