“ကူးစက်”

(ရသစာတမ်း)

ဇွန် ၁၄၊ ၂၀၂၅။

“နင့်ကို သူတို့ချစ်တယ်ဆိုတာ
နင့်ကို ငါ မုန်းသလောက်ပဲ ရှိတယ်
ရှင်းလား
တိတ်…. အသံမထွက်နဲ့”

မိခင်တဦးက သူ့ရဲ့ ကလေးငယ်သို့ ရိုက်နှက် အော်ဟစ်နေတဲ့ အသံ။ ပေါင် ၅၀၀ ဗုံးဟာ နှလုံးသားတည့်တည့်ကို ကျဲချလိုက်သလို။ အပိုင်းအစများ၊ အပျက်အစီးများ၊ ချစ်ခြင်းမေတ္တာများဟာ အသက်မဲ့ခန္ဓာလို ကြေမွလွင့်စင် ပြန်ကျဲခဲ့ပေါ့။

သူမဟာ လွတ်မြောက်ဒေသတနေရာမှာ ခိုလှုံနေသူတဦး။ အာဏာာရှင်စနစ်ကို မုန်းတီးရွံရှာ စက်ဆုပ်နေသူ။ အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသူ။ သူမထံမှ ထိုသို့အပြုအမူ၊ စကားများ ဘာလို့ ကိန်းအောင်း ထွက်ကျလာတာလဲ။ ယုံကြည်ချက်တွေ၊ အတွေးအခေါ် အမြင်တွေဟာ ဘယ်လို တွေလဲ။

သူမတွင် ပြန်စရာ အိမ်လေးမရှိတော့ပါ။ ခြေလှမ်း လှမ်းလိုက်တိုင်း သွေးနွံအိုင်များက ကြိုဆိုနေလျက်။ ယမ်းငွေ့များက လွှမ်းခြုံရစ်သိုင်းနေလျက်။ နွေထွေး လုံခြုံတဲ့ မိသားစု ကုတ်အိကျီ်ဟာ တိမ်လို လွင့်ပါသွားခဲ့။ သူမဟာ တဖြည်းဖြည်း အငွေ့ပျံနေတဲ့ သက်ရှိ အစိုင်အခဲ တခုလား။ အလုပ်အကိုင်၊ အခွင့်အလမ်း၊ ပိုင်ဆိုင်မှုများဟာ အာဏာရှင်ရဲ့တိုက်စားမှု ရေစီးကြောင်းထဲမှာ အားလုံ မျောပါသွားခဲ့လေပြီ။ လက်ဆုပ်လက်ကိုင်ဆိုလို့ ရေမနစ်သေးတဲ့ အရွယ်မရောက်သေးသော လူမမယ် ကလေးငယ်လေးတဦး။ သူမ ခြေကုန်လက်ပန်းများ ကျနေပြီလား။

လှိုင်းတံပိုးများဟာ ပြင်းထန်ရိုင်းစိုင်းစွာ ဘဝတွေကို အမြစ်က ဆွဲလှန်နေလို့။ နာကျင်ခံစားရမှုများဟာ ရူးမတတ် မီးတောက်များဖြင့်။ မွန်းကျပ်ပိတ်လှောင်မှု့ အော်ဟစ်သံတွေ။ ဘယ်လောက် အော် အော်… နားမကြားတဲ့ ကမ္ဘာကြီးမှာ အသံတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့။ ဖောက်ပြန်သော စိတ်များဟာ ကိုယ့်လည်ပင်း ကိုယ် ဘရိတ်ဓားနဲ့ တိခနဲ ဆွဲချလိုက်သလို။ ဖောက်ပြန်သော အတွေးအခေါ်များဟာ အသားကင်များကို နှုတ်ခမ်းလှလှဖြင့် စားသုံးနေသလို။

အစာ စားရဖို့ ငွေလိုတယ်
ငွေရှိရင် အစာရမယ်

သူမဟာ ငွေကြေးရဲ့ အမြီးဖျားကို ကိုက်ခဲတွယ်ဖက်ရင်း။ သွေးဆောင်ဖျားယောင်းမှုအပေါ်မှာ အချစ်ကြီး တက်မက်မှု ပြင်းထန်စွာ။ ငွေဟာ သူမ သွေးကြောထဲ တစိမ့်စိမ့် စီးဝင်နေတဲ့ မူးယစ်ဇိမ်တွေပဲ။ အသက်ရှင်သန်မှုဟာ ဘာအတွက်လဲ။ အသက်ရှင်နေသေးတာကရော ဘယ်လို အကျိုးရလဒ်တွေလဲ။ ငါတို့ ပျော်ရွှင်ဖို့ လိုအပ်လား။ ဝမ်းနည်းမှုတွေကရော လိုအပ်လို့လား။ ရွှေစ လေးတွေဟာ သူမ အပြုံးနဲ့အတူ သွားတွေမှာ ဝင်းလတ်တောက်ပနေလို့။ တော်လှန်မှုတွေနဲ့ သာယာစွာ ပျော်ရွှင််နေသော နေ့ရက်များ အေးစက်မာကျောစွာ။

အနာဂတ်တွေဟာ ဗုဲးခိုကျင်းလေးတွေထဲက မျက်ဝန်းလေးတွေ။ ဝပ်စရာ ဗုံးခိုကျင်းတောင် မရှိတဲ့ မျက်ဝန်းက အနာဂတ်ဆိုတာရော ရှိပါသေးရဲ့လား။

အိမ်မှာ မွေးထားတဲ့ ကြက်ပေါက်လေးကို ခွေးဆွဲသွားတဲ့ အခြေအနေ။ မနက်ခင်း မျက်ရည်တွေ စိုရွှဲရိတွဲနေတဲ့ ထမင်းခြမ်းခဲလေးတွေ။ ခေါင်းမဖော်နိုင်လောက်အောင် ချိုးဖဲ့ခံထားရတဲ့ အိမ်နောက်ဖေးက ဆူးပုတ်ပင်လေး။ အသားကင်များမှာယူပြီး ပျောက်ဆုံးသွားတဲ့ လိပ်စာတွေ။ နာရီလက်တံလေးမှာ တွဲလောင်းခိုနေတဲ့ ကလေးငယ်လေးငယ်။ ကလေးငယ်လေးအတွက် သူ့ မေမေ။ သူ့ မေမေအတွက် ငွေကြေး။ ငွေကြေးအတွက် ပေးဆပ်မှုပေါင်းများစွာ။ စစ်အတွင်းမှာ မီးကျွမ်းနေသော ဂျိုးရုပ်လေး။ အမျိုးအမည် မသိ လေဟာနယ်အတွင်း လမ်းလျှောက်နေသော အသက်များက မျှော်လင့်ခြင်းဆိုတာ အဖြူလား၊ အမည်းလား။

ကလေးငယ်ဟာ အဖော်ကင်းမဲ့နေလျက်။ အိမ်ကလေးထဲ အထီးကျန် ညှိုးငယ်နေရှာ။ ကျောင်းစာသင်ခန်းဟာ အိမ်ကလေးထဲ အတင်း အဓမ္မကျူးကျော်ဝင်ရောက်လာပြီး အခိုင်အမာတပ်စွဲထား။ ကျောင်းစာအုပ်တွေဟာ လက်နက်အင်အားအပြည်အစုံဖြင့် ဝိုင်းရံပိတ်ဆို့ထား။ စာသင်ခုံလေးကတောင် မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောတတ်နေခဲ့။ စာကျက်သံလေးဟာ ဝမ်းနည်းရှိုက်သံတွေ အဝေးကို ပျံ့လွင့်နေလို့။

နင့်ကို ထမင်းတနပ် ဘယ်ကောင်၊ ကောင်မ ကမှ အလကား လာမကျွေးဘူး
အိမ်မှာ အေးဆေးနေ
ငါ ခိုင်းသလိုလုပ်
ငါက အမေ

စမ်းချောင်းလေးဟာ မျက်ရည်တွေနဲ့ ပွင့်လန်းမယ့် ပန်းကလေးတွေဆီ စီးဆင်းနေဆဲ။ ကလေးငယ်ရဲ့ နုနယ်ခြင်းတွေကို ဝါးမျိုစားသုံးနေသော စနစ်ဆိုးရဲ့ ကူးစက်ယောင်ကိုင်းနေမှု။ အိမ်ကလေးထဲ ရေတွေကြီးနေတာ ဘယ်သူတွေ မြင်ရလို့လဲ။ ဘယ်အရေးပေါ် အချက်ပေး အသံမှ မကြားရပါ။ အာဏာရှင်ကို တော်လှန်နေသော အာဏာရှင်မေမေ။ အိမ်ကလေးရဲ့ အပြင်ဘက်ကိုငေးကြည့်တော့ လူရိပ်သူရိပ်လေးများတောင် မမြင်ရပါ။ ကယ်တင်ရှင်ဟာ ကိုယ့်ခြေထောက်တွေ၊ လက်တွေလား။

တော်လှန်ရေးဟာ ရေဆိုးမြောင်းကြီးတခုကို ဖောက်ထုတ်ဖွင့်ချလိုက်သလို။ သန့်ရှင်းလတ်ဆက်သော လေပြေနုနု အသစ်စက်စက်ရနံ့တွေကို ခံစားထိတွေ့နေရ။

ကျနော်တို့ကို ငယ်ငယ်က မိဘများက ရိုက်နှက်ဆုံးမခဲ့သည်။ ကျနော်တို့က ကျနော်တို့ သားသမီးများကို ထိုနည်းအတိုင်း အမွေကို လက်ဆင့်ကမ်း သယ်ဆောင်နေကြတာ တရားမျှတမှုလား။

စနစ်ဆိုးကို ဆန့်ကျင်ရင်း စနစ်ကို အရသာတွေ့သွားကြ။ စနစ်ထဲ နေသားကျ လာကြ။ ငြင်းဆန်ရင်း လက်ခံကျင့်သုံးနေကြတာ ဗိုင်းရပ်စ် တမျိုးလား။ ကူးစက်ရောဂါလား။

ရေးသားသူ-မင်းသက်ဇဥ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။

@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay

#ရသစာတမ်း #လူထု #အနုပညာ #စာပေ #လူထု #မျှဝေပါ

You may also like these