

ဇွန် ၁၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်အပိုင်၊ ရွာသစ်ကြီးရွာမှာ စစ်မှုထမ်းကြေးစုဆောင်းကောက်ပေးသူ ဦးလှသိန်း(၆၈) နှစ် ဟာ ဓါးခုတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၂ ရက်နေ့ညက ဦးလှသိန်းတို့ လင်မယားနှစ်ဦးစလုံးကို ဝင်ခုတ်ခဲ့တာဖြစ်ပြီး ခုတ်ခဲ့သူမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
“လင်မယားနှစ်ယောက်စလုံးကိုခုတ်တာ မိန်းမကဆေးရုံမှာ ၁၅ ချက်ချုပ်ထားရတယ်။ စစ်တပ်ဖက်ကရွာမှာလိုက်ရှာနေတာ ခွေးတွေတောင်ပါတယ်” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
ဦးလှသိန်းရဲ့ နာရေးကိုတော့ ယနေ့ ဇွန်လ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး အသုဘလာတဲ့ကားတွေကိုပါ စစ်ကောင်စီက တားဆီးရှာဖွေနေတယ်လို့ ဆိုပါတယ်။
“ခုတ်တဲ့သူကတော့ပြေးပြီ။ မတည့်လို့ခုတ်တာဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ခုတ်ခုတ် စစ်သားကြေးစုပေးလို့ခုတ်ခံရတယ်ဆိုပြီး သတင်းပျံ့နေတယ်။ လူတွေကတော့ကြိုက်ကြတယ် ယူနေတဲ့သူတွေငြိမ်သွားအောင်တဲ့” လို့ ဒေသခံက ပြောပါတယ်။
အဲဒီကျေးရွာတွေဘက်မှာ စစ်မှုထမ်းကြေးစုဆောင်းကောက်ယူပေးဖို့ ၅ ဦးအဖွဲ့ တွေဖွဲ့ထားပြီး ဦးလှသိန်း လည်းပါဝင်ကာ ခေတ်အဆက်ဆက် ကျေးရွာစိုက်ဘဏ်လူကြီးအဖြစ်လုပ်ကိုင်ခဲ့သူလည်း ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓါးခုတ်မှုနဲ့ပတ်သက်ပြီး သေဆုံးသူဦးလှသိန်းနေအိမ်ရှေ့က တဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဘာကြောင့်ဓါးနဲ့ခုတ်ခံရတယ်ဆိုတာအပြင် ဦးလှသိန်းနဲ့ ပတ်သက်တဲ့အချက်အလက် ပြောကြားချက်တွေကို ဒို့ပြည်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
သတင်း-မေသတ္တိ၊ စာတည်း-ခက်ငြိမ်း
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ဒို့ပြည်
#ပဲခူးတိုင်း #ပေါင်းတည် #စစ်မှုထမ်း #မှုခင်းသတင်း #လူထု #သတိပြုပါ