

(အထူးဆောင်းပါး)
ဇွန် ၁၅၊ ၂၀၂၅။
သစ္စာဖောက် သီတာဦးဆိုတာဘယ်သူလဲ
အရင်ဆုံး သစ္စာဖောက် သီတာဦးဆိုတာ တကယ်တမ်း NLD အစိုးရလက်ထက်တုန်းက ယခု ဥပဒေရေးရာဝန်ကြီးဌာနဖြစ်သွားပြီဖြစ်တဲ့ ပြည်ထောင်စုရှေ့နေရုံးချုပ်မှာ အမြဲတမ်းအတွင်းဝန်ရာထူးကိုထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
2019 ခုနှစ် ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) နဲ့ တရားစွဲခဲ့စဥ်ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ ဥပဒေရေးရာအဖွဲ့မှာပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
(ICJ ဆိုင်ရာ ဥပဒေရေးရာစကားဝိုင်းတွင်တွေ့ခဲ့ရသော ဒေါ် သီတာဦး – ဝဲမှ သုံးယောက်မြောက်)
စစ်အာဏာသိမ်းအပြီးမှာတော့ ထိပ်ဆုံးက ဘက်ပြောင်းသစ္စာဖောက်စာရင်းထဲမှာ သီတာဦးတစ်ယောက် ထိပ်ဆုံးကနေပါလာခဲ့ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာပဲ မူလရာထူး ဖြစ်တဲ့ အမြဲတမ်းအတွင်းဝန်ထက် မြင့်တဲ့ အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရာထူးကို တွေဝေခြင်းမရှိလက်ခံခဲ့တာပါ။
သီတာဦးကို ရှေ့နေချုပ် မင်းအောင်လှိုင်ခန့်အပ်ရတဲ့ အကြောင်းအရင်းကလည်း မူလရှေ့နေချုပ် ဗိုလ်ချုပ်ထွန်းထွန်းဦးဟာ မင်းအောင်လှိုင်ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ငြင်းဆိုခဲ့တာကြောင့်သာ ဖြစ်ပါတယ်။ သီတာဦးအတွက်တော့ ရာထူးနဲ့အဆောင်အယောင်တွေဟာ ဒီလောက်အရေးပါနေခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်ထောင်စုရှေ့နေရုံးချုပ်ကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ်ပြောင်းလဲဖွဲ့စည်းပြီးချိန်မှာလည်း သီတာဦးကို ဥပဒေရေးရာဝန်ကြီးရာထူး ပေးအပ်ခဲ့ပါတယ်။
၂၀၂၂ ဇန်နဝါရီ ၃၁ ရက်မှာတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမယယ့် စာရင်းမှာ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးလည်း ပါဝင်လို့ လာခဲ့ပါတော့တယ်။
ပြည်ထောင်စုရှေ့နေချုပ်ဆိုတာ ဘယ်လိုရာထူးမျိုးလဲ
ပြည်ထောင်စုရှေ့နေချုပ်ဆိုတာ မြန်မာနိုင်ငံတော်အစိုးရ ရဲ့ ပြစ်မှုဆိုင်ရာမှုခင်းတွေမှာ နိုင်ငံတော်ကိုယ်စား ဆောင်ရွက်ဖို့ထားရှိထားတဲ့ ပြည်ထောင်စုရှေ့နေချုပ်ဌာန (ယခု – ဥပဒေရေးရာဝန်ကြီးဌာန) ရဲ့အကြီးအကဲဖြစ်ပါတယ်။
ယခင်က ဒီလို ဂုဏ်ကျက်သရေမြင့်ခဲ့ဖူးတဲ့ ရာထူးတစ်ခုဟာ ယခုမှာတော့ စစ်ကောင်စီအကြီးအကဲတွေရဲ့အလိုကျ ဥပဒေကို လက်တလုံးခြားလုပ်တာနဲ့ ဗြောင်ကျကျ လိမ်တာတွေကို လုပ်ဆောင်နေပါတယ်။
အများစုနဲ့ရင်းနှီးမယ့်တာဝန်တစ်ခုကိုပြပါဆိုရင်တော့ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကစလို့ အပြစ်မဲ့ နိုင်ငံရေးအကျဥ်းသား အားလုံးကို ဥပဒေပုဒ်မတွေတပ်ပြီး တရားစီရင်ရခြင်းပဲဖြစ်ပါတယ်။
ကိုယ့်အမျိုးကျ သိတတ်သူ
စစ်ကောင်စီ ရဲ့အသုံးတော်ခံ သီတာဦးဟာ ကိုယ်ကိုယ်တိုင်သာ အပြစ်မဲ့ပြည်သူတွေကို ကိုယ်ချင်းစာတရားကင်းမဲ့စွာ ဂရုမထားတာဖြစ်ပေမယ့် မိမိရဲ့ သားသမီးကိုတော့ နတ်ဘုံနတ်နန်းမှာ ပို့ထားသူဖြစ်ပါတယ်။
သီတာဦးရဲ့ တစ်ဦးတည်းသောသား မင်းရဲမြတ်ဘုန်းခိုင်ဟာ အာဏာမသိမ်းခင်ကပင် သြစတြေးလျမှာ ဆရာဝန်ဘဝကို အပူအပင်မဲ့စွာဖြတ်သန်းနေခဲ့တာဖြစ်ပြီးတော့ တန်ဖိုးအကြီးဆုံးသော ကားတွေ၊ အိမ်တွေနဲ့ အကောင်းဆုံးသော အသုံးအဆောင်တွေနဲ့ ဘဝကြီးကို ဖြတ်သန်းနေတာဖြစ်ပါတယ်။
မင်းရဲမြတ်ဘုန်းခိုင် ဟာ ၂၀၂၂ ခုနှစ်အထိ သြစတြေးလျနိုင်ငံ ရဲ့ ထိပ်တန်းစာရင်းဝင်လို့ပြောလို့ရတဲ့ Mackay Base Hospital မှာ ဆရာဝန်တစ်ယောက်အနေနဲ့ ဇာတ်မြုပ်လုပ်ကိုင်နေခဲ့ပေမယ့် စစ်ကောင်စီအာဏာသိမ်းအပြီးနောက်မှာ သူ့ရဲ့ မိသားစုအကြောင်းကို သိသွားတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြဥ်ဖယ်ခြင်းကိုခံခဲ့ရပါတယ်။
ဒါ့ကြောင့် ၂၀၂၂ မှာ Mackay Base Hospital ကနေနှုတ်ထွက်ခဲ့တယ်လို့သိရပြီး ယခုအခါမှာ မိုင်ထောင်ချီတဲ့ အဝေးက Goulburn မြို့ငယ်လေးမှာ ထပ်မံဇာတ်မြုပ်ဖို့ ကြိုးစားနေတယ်လို့လည်းသိရပါတယ်။
(မင်းရဲမြတ်ဘုန်းခိုင်ရဲ့ သိန်းထောင်ကျော်တန် Porsche 911 Carrera)
မြန်မာနိုင်ငံက အေးချမ်းပါတယ်လို့ဆိုတဲ့ မင်းရဲမြတ်ဘုန်းခိုင်
မင်းရဲမြတ်ဘုန်းခိုင်နဲ့ နီးစပ်သူအမည်မဖော်လိုသူတစ်ဦးရဲ့ပြောကြားချက်အရတော့ မင်းရဲမြတ်ဘုန်းခိုင်ဟာ သူ့အမေအပေါ် အတော်အထင်ကြီးလေးစားမှုရှိပြီး အမြဲတမ်းချီးမွမ်းစကားဆိုလေ့ရှိတယ်လို့သိရပါတယ်။
ကြည့်ရတာ တစ်မိသားစုလုံးက အမျိုးချစ်စိတ်အပြည့်ရှိပုံပါပဲ။ နောက်ပြီး သူဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လာရင် အေးအေးချမ်းချမ်းပါပဲ ဘာမှဖြစ်ပျက်နေတာမရှိပါဘူး စသဖြင့်တုံ့ပြန်မှုတွေသာပေးတတ်ပြီး ဘာမှ ပြောဆိုခြင်းမရှိဘူးလို့ဆိုပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ အဓမ္မဖမ်းဆီးခံရသူ ၂သောင်းခွဲကျော်ရှိပြီဖြစ်ပြီး အတည်ပြုသေဆုံးသူတင် ၆၅၀၀ ကျော်ရှိပြီးဖြစ်ပါတယ်။ နေ့စဥ်နဲ့အမျှလည်း စစ်ကောင်စီအကြမ်းဖက်တွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှု၊ အိမ်တွေ ရွာတွေ မီးရှို့မှုတွေနဲ့ အတူ အတင်းအဓမ္မပြုကျင့်မှုတွေကို လူမဆန်စွာ ကျူးလွန်နေကြဆဲဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ အနေကြာသွားလို့ မြန်မာနိုင်ငံရဲ့ သတင်းတွေနဲ့ ထိတွေ့မှုမရှိတော့တာလားဆိုတာလားတော့ မဆိုနိုင်ပါဘူး။
(မင်းရဲမြတ်ဘုန်းခိုင်၏ လူမှုကွန်ရက်စာမျက်နှာ)
မင်းရဲမြတ်ဘုန်းခိုင်ရဲ့ဆေးခန်းအသစ်
လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖယ်ကြဉ်မှုကြောင့် Mackay Base Hospital, Queensland ကနေ မင်းရဲမြတ်ဘုန်းခိုင်တစ်ယောက် အခုဆို New South Wales တိုင်း Goulburn မြို့က Mulwaree Doctors ဆိုတဲ့ဆေးခန်းမှာ ပြောင်းပြီးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။
(Mulwaree Doctors လို့ရှာလိုက်ရင် တန်းတွေ့ရသော မင်းရဲမြတ်ဘုန်းခိုင်)
မင်းရဲမြတ်ဘုန်းခိုင်တစ်ယောက် ရန်ကုန်မှာဆေးခန်းဖွင့်ထားသေးတာလား
မင်းရဲမြတ်ဘုန်းခိုင်နဲ့သိကျွမ်းတဲ့ အမည်မဖော်လိုသူတစ်ဦးရဲ့ဖော်ပြချက်အရ မင်းရဲမြတ်ဘုန်းခိုင်အနေနဲ့ ယခု ရန်ကုန်မှာ အသစ်ဖွင့်လှစ်ထားတဲ့ “Min Medical Aesthetics” ဆိုတဲ့ အလှအပဆိုင်ရာဆေးခန်းနဲ့ ဆက်နွှယ်မှုရှိတယ်လို့သိရပါတယ်။
အတွင်းသတင်းတွေဖော်ပြချက်အရတော့ အထက်ပါ ဆေးခန်းကို မင်းရဲမြတ်ဘုန်းခိုင်နဲ့နီးစပ်တဲ့အမျိုးသမီးတစ်ယောက်က စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်။
(Min Medical Aesthetics ဆေးခန်းရဲ့ လူမှုကွန်ရက် စာမျက်နှာ)
အာဏာရှင်သားသမီးတွေရဲ့ လူနေမှုပုံစံ
အမည်မဖော်လိုသူသတင်းပေးရဲ့ပြောဆိုချက်အရ မင်းရဲမြတ်ဘုန်းခိုင်ဟာ အလွန်ချမ်းသာသူတစ်ယောက်ဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ပိုင်ဆိုင်မှု တွေရှိတယ်လို့သိရပါတယ်။ လေယာဥ်မောင်းလိုင်စင်တောင်ရထားပြီး ရံဖန်ရံခါ ဝါသနာအရ လေယာဥ်မောင်းတတ်တယ်လို့လည်း သိရပါတယ်။
(မင်းရဲမြတ်ဘုန်းခိုင်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရတဲ့ လေယာဥ်မောင်းလိုင်စင်)
(လေယာဥ်မောင်းနှင်နေသည်ကို တွေ့ရသော မင်းရဲမြတ်ဘုန်းခိုင်)
( ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက Fiji ကမ်းခြေတွင်တွေ့ရသော မင်းရဲမြတ်ဘုန်းခိုင်)
ဖျော်ဖြေပွဲတွေ၊ ခရီးတွေ မကြာခဏဆိုသလိုသွားတတ်တယ်သလို အမျိုးသမီးတွေနဲ့လည်း ဖက်လဲတကင်းရှိတတ်တဲ့ လူစားမျိုးလို့သိရပါတယ်။ ယမန်နှစ်က သြစေတြးလျ နိုင်ငံသားအဖြစ်ခံယူလိုက်ပြီဖြစ်ပြီး သြစီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်သူတစ်ယောက်ဖြစ်သွားပြီလို့သိရပါတယ်။
မြန်မာနိုင်ငံရဲ့တရားဥပဒေကိုချယ်လှယ်နေတဲ့ မိခင် သီတာဦး တစ်ယောက် သူ့ရဲ့သားသမီးကိုတော့ မြန်မာနိုင်ငံရဲ့အဝေးဆုံးကိုစေလွှတ်ထားတာပါ။
သူ့အမေရဲ့ခြေရာနင်းမှာလား
မင်းရဲမြတ်ဘုန်းခိုင်ဟာ ယခုလက်ရှိမှာ သြစတြေးလျနိုင်ငံမှာ နံပါတ်တစ် တက္ကသိုလ်ဖြစ်တဲ့ The University Of Sydney မှာ ဥပဒေ ဒီပလိုမာ ဘွဲ့အတန်းကို တက်ရောက်နေတယ်လို့လည်း အမည်မဖော်လိုတဲ့သတင်းပေးသူတစ်ဦးရဲ့ဖော်ပြချက်အရ သိရပါတယ်။
ကွာခြားလွန်းကြတဲ့ ဘဝတွေ
မြန်မာနိုင်ငံက ဆေးကျောင်းသားတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေဟာ တော်လှန်ရေးမှာပါဝင်မှုကြောင့် ခေါင်းတည့်တည့်ကို သေနတ်နဲ့အပစ်ခံနေရချိန်၊ ညှင်းပန်းနှိပ်စက်ဖိနှိပ်ခံနေရချိန်၊ အနာဂတ်မဲ့နေကြချိန်မှာ စစ်ကောင်ဆီအကြီးအကဲတွေရဲ့ သားသမီးတွေကတော့ မြန်မာနိုင်ငံနဲ့အဝေးဆုံးတစ်နေရာမှာ ဘဝကို အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းနေကြပါတယ်။
တစ်ဖက်မှာ တန်ဖိုးအကြီးဆုံးသော ကားတွေ၊ တန်ဖိုးအကြီးဆုံးသော အိမ်တွေနဲ့ အဆောင်အယောင်တွေ၊ တစ်ဖက်မှာတော့ ၂၄ နာရီမှာ ၄ နာရီပဲရတဲ့ လျှပ်စစ်မီး၊ အင်တာနက်ဖြတ်တောက်မှု၊ ပြည်ပထွက်ခွင့် ပိတ်ဆို့မှု၊ အဓမ္မပေါ်တာဆွဲမှုတွေနဲ့အတူ စစ်ပွဲတွေ။
(အကြမ်းဖက်စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံးသွားသော ဆေးတက္ကသလိုလ်ကျောင်းသား မောင်ခန့်ညားဟိန်း (ခ) အာကာဇော်၏ စျာပနပွဲမှပုံ)
ဒါဟာ ကံတရားရဲ့စီမံရာလား၊ လူတစ်စုတစ်ဖွဲ့ရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေလားဆိုတာတော့ အားလုံး(ထမင်းစားသူတိုင်း) သိကြမယ်လို့ ယုံကြည်ပါတယ်။ ။
ရေးသားသူ-သျှံ
#ဒို့ပြည်
#စုံစမ်းဖော်ထုတ် #ပြည်ထောင်စုရှေ့နေချုပ် #ဩစတြေးလျနိုင်ငံ #ဆေးပညာ #လူထု #သတိပြုပါ #CDM #Investigativejournalism