

ဖမ်းဆီးခံရလူငယ်တွေရဲ့ ကျန်ရစ်မိသားစုတွေ ဒုက္ခရောက်နေကြ
ဇွန် ၁၆၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်ထဲက နွမ်းပါးမိသားစုဝင်တွေထဲက လူငယ်တွေကို ညအချိန်ဝင်ဖမ်းပြီး စစ်မှုထမ်းဖို့ ပို့ဆောင်နေတယ်လို့ မြို့ခံတွေက ဒို့ပြည် ကို သတင်းပေးပါတယ်။
ဇွန်လ ၁၂ ရက်နေ့က နဝဒေးရပ်ကွက် မှာနေထိုင်တဲ့ အသက် (၇၀) ခန့်ရှိ မိခင်ဒေါ်ခင်အေး ကို လုပ်ကျွေးနေရတဲ့ ကိုအောင်မိုး(၃၈ နှစ်) အလုပ်ကအပြန် လူမိုက်ထွန်းထွန်းနဲ့ စစ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အလားတူ အဲဒီနေ့ည ၈ နာရီခွဲက နဝဒေးရပ်ကွက်၊ အင်ကြင်းလမ်းမှာနေထိိုင်တဲ့ အသက်(၂၉) နှစ်အရွယ် ကိုမင်းခန့်မော် ကို လူမိုက်ထွန်းထွန်းနဲ့ မူးနေကြတဲ့ စစ်သား ၁၀ ဦးခန့်က ကားအနက်ရောင်(Honda fit ဟု ယူဆရ) နဲ့ အတင်းအဓမ္မလာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့လိုက်သူတွေဆီက သိရပါတယ်။
“ဒေါ်ခင်အေးကို အဲဒီသားလေးကပဲရှာဖွေကျွေးနေတာ။ မင်းခန့်မော်ကိုလာဖမ်းတာက အုပ်ကြီးရာအိမ်မှူးမပါဘူး။ လူမိုက်ထွန်းထွန်းနဲ့စစ်သားတွေ မူးနေတာ။ ကားနောက်ခန်းကိုဖွင့်ပြီးလူကိုအတင်းကို တွန်းထည့်သွားကြတာ။ လက်နက်တွေနဲ့မူးနေကြတော့ ဘယ်သူမှအပြင်မထွက်ရဲကြဘူး အိမ်တွေထဲကချောင်းကြည့်နေကြရတာ” လို့ မြင်တွေ့လိုက်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၁၃ ရက်နေ့ ညကလည်း အေးငြိမ်းရာသုသာန်ထဲက လူငယ်တဦးကို ထွန်းထွန်းနဲ့ စစ်သားတွေက ခြံစည်းရိုးကျော်တက်ကာဖမ်းဆီးသွားပြီး သတင်းမရတော့ဘူးလို့ ဒေသခံက ပြောပါတယ်။
ထွန်းထွန်းဟာ လူငယ်တွေကိုလိုက်လံဖမ်းဆီးရာမှာ ဦးထုပ်ဆောင်ပြီး နှစ်ခေါင်းစည်း(Mask) ကိုတပ်ဆင်ထားတတ်ပေမဲ့ ရပ်ကွက်တွင်းနေထိုင်သူတွေက သိကြတယ်လို့ ဆိုပါတယ်။
“ထွန်းထွန်းကို တရပ်ကွက်လုံးကကြောက်နေရတာ။ လူမိုက် ညီအကိုတွေလည်းရှိတယ် နဝဒေးကားကြီးဝန်းထဲမှာ အကြွေစေ့ဂိမ်းဆိုင်ဖွင့်တယ်။ သူအိမ်နားမှာ ဖဲဝိုင်းထောင်တယ်။ လူသတ်မှုနဲ့ထောင်ကျဖူးတယ်” လို့ ရပ်ကွက်နေပြည်သူတဦးက ဒို့ပြည် ကို ပြောပါတယ်။
ထွန်းထွန်းရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် နဝဒေးရပ်ကွက်အတွင်း ဒေါ်သန်းစိန်(ပဲပြုတ်ရောင်းသူ) ရဲ့သား တင်လင်းထွန်း နဲ့ ကိုကောင်းထက် တို့လည်းဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ကိုကောင်းထက်မှာတော့ မမီးမီးဆိုတဲ့ အမျိုးသမီးနဲ့ ၁ နှစ်အရွယ်နဲ့ ၂ နှစ်အရွယ် သမီးလေး ၂ ဦးကျန်ရစ်ခဲ့ကာ စားဝတ်နေရး ခက်ခဲကျပ်တည်း နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီခွဲခန့်ကလည်း အနောက်ပေါက် အတွင်း လူငယ် ၂ ဦးကိုဖမ်းဆီးသွားတာမှာလည်း ကားအနက်ရောင်(Honda fit) ယာဉ်ပဲဖြစ်တယ်လို့ သိရပါတယ်။ (ကားနံပါတ်ကို ဒို့ပြည်က ရရှိထားပြီး အသေးစိပ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ပါတယ်)
စစ်ကောင်စီဟာ စစ်မှုထမ်းဖို့ လူငယ်တွေကိုဖမ်းဆီးရမှာ ရပ်ကွက်လူမိုက်တွေကို ပြည်သူ့စစ်ဖွဲ့စည်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာနဲ့ အကာကွယ်ပေးထားတာတွေ ပြုလုပ်ပေးထားသလို လောင်းကစားဝိုင်းတွေကို အစစ်ဆေးမရှိ ခွင့်ပြုပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ပြည်မြို့ #စစ်မှုထမ်း #လူမိုက် #စစ်ကောင်စီ #လူငယ် #ဖမ်းဆီး