

(#သရော်စာ)
အခုတလော မအလ တယောက်သူ့ကို အများအမြင်မှာ ပညာလိုလားသူကြီးရယ်လို့အထင်အမြင်ရောက်စိမ့်သောငှါ ပညာရေးနဲ့ပတ်သက်ပြီး စာသင်ကျောင်းတွေသွား ဟိုပြောဒီပြောတွေပြောပြောနေတာ တွေ့ရပါသဗျ။
စာမတတ်ရင်လမ်းမှာဖတ်ဆိုတဲ့စကားအတိုင်း လူထူထူမှာစာတွေလာလာဖတ်နေပေမယ့် မအလ စကားတွေက ရင်ထဲကမလာတာသေချာပါတယ်။ပညာရေးနဲ့ပတ်သက်ပြီး ပြောဖို့ဆိုတာများ လွယ်တယ်မှတ်နေပုံပဲ။ စာမဖတ်ပေမဖတ်တော့ စာမတတ်ပေမတတ် အသံပဲထွက်လာတော့တာပေါ့လေ။
ကျောင်းတက်ရတဲ့ကလေးတွေဟာ ဆရာဆရာမတွေရဲ့ဆုံးမသွန်သင်ပဲ့ပြင်မှုတွေကြောင့် အမှားအမှန်သိပြီး လိမ္မာယဥ်ကျေးကြတယ်ဆိုပဲ။ ကျောင်းမတက်ရတဲ့ကလေးတွေကပဲ အမှားအမှန်မသိကြ သလိုလိုကြီးပေါ့နော်။ ဂလိုဆိုရင်တော့ မောင်မင်းအောင်လှိုင်လေးဟာ ငယ်စဥ်က သွန်သင်မှုမဲ့ပရမ်းပတာကျောင်းသားဖြစ်ခဲ့ပုံရတယ်။ ၂၀၂၁ ဖေဖော်ဝါရီကတည်းက အမှားအမှန်မခွဲခြားတတ်ခဲ့တာ ၄ နှစ်ကျော်ကြာပြီပဲ။ သား ကျောင်းပြန်တက်ရမယ်။
ကျောင်းပြန်တက်ရမယ်ဆိုလို့လတ်တလောဆိုရှယ်မီဒီယာပေါ်မှာဟုတ်လို့ကျော် ပုတ်လို့ပေါ်လာတဲ့ မြောင်းမြ အထက ၆ ကအဖြစ်အပျက်ကြီးက အနံ့ကိုဟောင်းဟောင်းထလို့ ပါလားဟရို့။
အုပ်စုဖွဲ့အနိုင်ကျင့်မှုကြီးတဲ့လေ။ အနိုင်ကျင့်ကြသူများကလည်း မိန်းကလေးတွေလေ။ အဖြူအစိမ်းဝတ်စုံလေးတွေနဲ့ပေါ့။ ပါးတွေနားတွေရိုက်ကြ၊ ဒူးထောက်တောင်းပန်ခိုင်းကြနဲ့လေ။ အဲဒီဖြစ်စဥ်ကြီးတစ်ခုလုံးကို ဗီဒီယိုရိုက်ထားတာတောင် ပါသေးဆိုပဲ။
စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့နာသုံးနာကြီးတွေ၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေဘယ်ချောင်မှာအိပ်ပျော်နေကြပြီလဲ မပြောတတ်ပေါင်ဗျာ။ ကျောင်းအုပ်ကြီးတွေပညာရေးမှူးကြီးတွေရဲ့ဖြေရှင်းပေးမှုကလည်း သင်းပါပေ့။
အနိုင်ကျင့်ကြသူများက ခေါင်းပေါင်းစ တလူလူနဲ့ကျောင်းဆက်တက်နေကြသတဲ့။အစော်ကားခံရသူကကျတော့ နောက်တစ်ကြိမ်ဆိုတာကြီးကိုကြောက်လို့ ကျောင်းမတက်ရဲဘူးဆိုပါလား။
ဟေ့ မအလ ကြီး..။ ခင်ဗျားရဲ့ နန်းဖြူစိမ်းတွေက အင်မတန် ဆုံးမပဲ့ပြင်မှုအားကောင်းကြပါလားဗျ။ ဆရာတပည့်ဆက်ဆံရေးမှာ ဘယ်လိုအရာတွေက ခုခံနေတာလဲ။ ဗမာပြည်မှာ အရာရာရဲ့အထက်မှာ ဘယ်လိုမကောင်းဆိုးရွားကြီးကဖိစီးနေတာလဲ။
ဒီမယ် မအလကြီး “ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက နောက်နွားတသိုက်ဖြောင့်ဖြောင့်လိုက်၏” ဆိုတဲ့စကားကြားဖူးရဲ့မဟုတ်လား။ မအလ ကြီးကိုယ်တိုင်ကဂဏန်းကြီးလို သွားနေမှတော့၊ နန်းဖြူစိမ်းတို့ သောက်တလွဲလုပ်တာဘာဆန်းမလဲလေနော့။
မြောင်းမြ အထက ၆ ဖြစ်စဥ်မျိုးတွေ နိုင်ငံအနှံ့ဘယ်လောက်တောင်များနေလဲ။
နေရာတိုင်း၊ ဌာနဆိုင်ရာတိုင်းမှာ ကြီးနိုင်ငယ်ညှဥ်းတွေမှိုလိုပေါက်လို့၊ ဗွက်ထလို့နေမှာပဲ။ အာဏာရှင်စနစ်ရဲ့အသီးအပွင့်တွေလေ။
မှားပဟေ့ဆိုရင်သံသရာမဆုံးတော့ဘူး မအလ။ ကြာနီကန်ဆရာတော်တရားထဲက ပုံပြင်လေးလိုပေါ့။
တခါက ရဟန်းဒကာမတယောက်ရဲ့သမီးကလေးက ဘုန်းကြီးကျောင်းရောက်လာသတဲ့။ ဆာတော်နဲ့စကားဘာညာပြောပြီး ပြန်ခါနီးတော့ “ကဲ ဦးဇင်းလည်း အိပ်အုန်း၊ တပည့်တော်လည်းပြန်ကြွအုန်းမယ်” လို့ ပြောသွားသတဲ့။
ဥပုလ်နေ့ ဒကာမကြီးနဲ့တွေ့လို့ဘုန်းကြီးက သမီးလေးရဲ့စကားအမှားကိုတိုင်ပြောတာပေါ့လေ။အဲဒီမှာ ဒကာမကြီးပြောပုံက”ဒီကလေးမ မိန့်တော်မူလိုက်ရင်ဒီလိုချည်းပဲ” တဲ့လေ။
ဘုန်းကြီးလည်း ၂ ခါအမှားခံလိုက်ရတော့နည်းနည်းဖုသွားတာပေါ့။နောက်တနေ့ ဒကာကြီးနဲ့တွေ့တော့ ဒကာမကြီးနဲ့သမီးရဲ့အမှားကို တိုင်ပြောတာကိုး။ အဲဒီမှာ ဒကာကြီးကဘာပြန်ပြောလဲဆိုရင်
“ဟာ အဲဒီ ၂ ပါးကို နောက်များဆို ကျောင်းထဲကို ခြေတော်ရာတောင်အချမခံနဲ့” ဆိုသကိုး။
တခါမှာရင်မှားချင်ချင်ပေါ့ မအလကြီးရေ။
အခုလည်း မအလကြီးတို့တသိုက်၂၀၂၁ ဖေဖော်ရီကတည်းကမှားလာလိုက်တာ၊ အခု ဗုံးကြဲလူသတ်တဲ့အထိဖြစ်လာပြီ။ မအလတို့တသိုက်ဟာ အရူးတွေလိုပဲ။ အရူးဟာသူ့ကိုယ်သူအရူးလို့မမြင်ဘူး။ တခြားသူတွေကိုသာ ရူးနေတာတဲ့လေ။
မအလကြီးရေ၊ လတ်တလောသတင်းတွေထဲမတော့ အန်ဝါကြီးက မအလတို့ကိုအပီကြိမ်းနေရဲ့။
ဝစီပိတ်ဆီသွားပြီး ယတြာလေးဘာလေး ချေကြဦးပေါ့။
ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/ (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
@dohpyay
Telegram- t.me/dohpyay
#ဒို့ပြည်
#သရော်စာ #ဆောင်းပါး #လိုင်စင်မဲ့ယာဉ် #လူထု #သတိပြုပါ #ကာတွန်း