

ဇွန် ၂၃၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် နတ်ပုတီးလမ်းဆုံကနေ စျေးသွားဝယ်မဲ့ သုံးဘီး၊ ဆိုင်ကယ်တွေကို မိုးမလင်းခင်ကတည်းက စစ်ဆေးဖမ်းဆီးနေလို့ ဖမ်းဆီးခံရပြီး ဒဏ်ရိုက်ခံရတာတွေ ရှိနေတယ်လို့ မြို့တွေတွေက ပြောပါတယ်။
ပေါင်းတည်မြို့ကနေ ပုတီးကုန်း-သဲကုန်းသွားရာ ရန်ကုန်-ပြည်ကားလမ်းပေါ်က နတ်ပုတီးလမ်းဆုံမှာ ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ က နံနက်အစောစျေး သွားသူတွေကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
သုံးဘီးဆိုင်ကယ်(တုတ်တုတ်)၊ နဲ့ ဆိုင်ကယ်တွေကိုအသုံးပြုပြီး တောရွာတွေမှာ စားသောက်ကုန်နဲ့ ကုန်ခြောက်၊ စားသုံးသီးနှံတွေကို လိုက်လံရောင်းချသူတွေဟာ ပေါင်းတည်မြို့၊ ရွှေတည်စျေးသစ်ကြီးနောက်မှာရှိတဲ့ အာရုဏ်စျေးကို နံနက် ၄ နာရီလောက်ကတည်းက သွားရောက်ဝယ်ယူကာ ပြန်လည်ရောင်းချကြတာဖြစ်ပြီး အဲဒီစျေးသည်တွေကို စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“မိုးမလင်းခင်ကတည်းက ထဖမ်းတာ။ မရှိဆင်းရဲသားတွေကို သက်သက်ဖိနှိပ်သလိုဖြစ်နေတယ်။ တော်တော်များများအဖမ်းခံရတယ်။ ဆိုင်ကယ်နဲ့သုံးဘီးတွေက အစုတ်တွေပါ ဘယ်လိုင်စင်ရှိကြမလဲ” လို့ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ဒဏ်ရိုက်တဲ့အပြင် ပေါင်းတည်မြို့၊ ရွှေတောင်လမ်းမှာ မြတ်နှုတ်ခိုင်းခဲ့တယ်လို့ စျေးသယ်တွေနဲ့ သိရှိသူမြို့ခံတဦးက ပြောပါတယ်။
“ဘာပြုလို့ မရှိတဲ့လူတန်းစားတွေကိုထွက်ထွက်ဒုက္ခပေးနေရတာလဲမသိပါဘူးဗျာ။ စီမံချက်နဲ့ဖမ်းတာလက်ခံတယ်အခုလို နေရာအနှံပြည်သူတွေကို ဒုက္ခပေးနေတာမျိူးမလုပ်သင့်ပါဘူး။ အခုက အညိုးထားပြီးလုပ်နေတာ ပြည်သူတွေကို ငတ်စေချင်တာ” လို့ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ဒဏ်ငွေ (၄) သိန်းအထိ တောင်းယူခဲ့တယ်လို့ သိရပြီး နွမ်းပါးစျေးသည်တွေအနေနဲ့ အပြင်ထွက်အလုပ်လုပ်ဖို့ ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
သတင်း-မေသတ္တိ၊ စာတည်း-ခက်ငြိမ်း
ပုံစာ-ပေါင်းတည်မြို့လယ်ကောင် ရန်ကုန်-ပြည်ကားလမ်း မကြီးမြင်ကွင်း
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ပေါင်းတည် #လိုင်စင်မဲ့ယာဉ် #ပြည်ခရိုင် #စျေးသည်