

ဇွန် ၂၉၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲမှာ လူမှုကွန်ရက်အသုံးပြုသူ အမျိုးသမီး (၁) ဦးအပါ ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာကနေ လှုံဆော်တာ၊ ဝါဒဖြန့်တာတွေလုပ်ဆောင်တယ်ဆိုပြီး ပြည်မြို့ ၊ ရွာဘဲရပ်ကွက် မှာ နေထိုင်သူ ဇူးဇူးမင်းထက်(Zue Zue Min Htet-Facebook) ကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖမ်းဆီးအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အလားတူပဲ ဇွန်လ ၂၀ ရက်နေ့ကလည်း ပြည်မြို့၊ ရွာဘဲရပ်ကွက် နေထိုင်သူ ကောင်းထက်(ခ)ဖိုးသား (Kaung Htet Facebook) နဲ့ တရပ်ကွက်တည်းနေထိုင်သူ ခင်သက်ဝေ (Khin Thet Wai Facebook) တို့ကိုလည်း လူမှုကွန်ရက်အသုံးပြုလှုံဆော်ဝါဒဖြန့်တာတွေလုပ်ဆောင်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။
“ပြည်မြို့မှာကတော့ သူတို့ကို(စစ်ကောင်စီ) ဆန့်ကျင်တာ သူတို့ကိုမကြိုက်ကြောင်း တခုခုရေးတာတွေကို အွန်လိုင်းကနေ စောင့်ကြည့်ပြီး တိုင်တဲ့သူဖမ်းခိုင်းသူသတင်းပေးတွေက တော်တော်များတယ်။ သတိထားသုံးဖို့လိုတယ်။” လို့ မြို့ခံအမျိုးသားတဦး က ပြောပါတယ်။
အဲဒီ (၃) ဦး ကိုတော့ ပြည်အမှတ်(၂) မြို့မရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားတာဖြစ်ပြီး ဇွန်လတလတည်း ၃ ဦးဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပြည်မြို့မှာ စစ်ကောင်စီထောက်ခံသူနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက တယ်လိီဂရမ်ချန်နယ်တွေကနေ တော်လှန်ရေးနဲ့စပ်ဆက်သူလို့ သံသယရှိသူ၊ လူမှုကွန်ရက်မှာ ရေးသားမိသူတွေအပြင် သူတို့နဲ့(စစ်ကောင်စီလက်အောက်ခံများ) သဟဇာတမဖြစ်သူတွေကို သတင်းပေးတိုင်တန်း ဖမ်းဆီးခိုင်းတာတွေကို စဉ်ဆက်မပြတ်ပြုလုပ်နေကြပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay