မင်းလှမြို့နယ် ပဲခူးရိုးမအခြေက ရွာတွေကို စစ်တပ်က မီးရှို့လို့ နေအိမ် ၂၀၀ နီးပါး ပျက်စီးဆုံးရှုံး

 

ဇူလိုင် ၂၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ နေအိမ် ၁၈၅ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ နဲ့ ၃ ရက်ဆက်ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအပြီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဇွန်လ ၂၀ ရက်နေ့ကစပြီး ၂၅ ရက်နေ့ အထိ ကျေးရွာတွေကို မီးရှို့ခဲ့တာလို့ သိရပါတယ်။

မီးရှို့ခံရတဲ့အတွက် တောင်ပြတ်ရွာက နေအိမ်(၂၅) လုံး၊ ရွေးကုန်းရွာက နေအိမ်(၅) လုံး၊ ဦးတိုကျွဲလမ်းစုရွာက နေအိမ်(၄) လုံး၊ ဗိုလ်တထောင်ရွာက အိမ်ခြေအလုံး (၂၀)၊ ဆားချောင်းရွာက နေအိမ်(၈) လုံး၊ ဆင်အိုင်ချောင်းပေါက်ရွာက(၈) လုံး၊ ဂန့်ဂေါ်ပင်ရွာ နေအိမ်(၅) လုံး၊ ငလှစမ်းရွာက နေအိမ်အလုံး(၅၀)၊ စမ်းဘုတ်ရွာကနေအိမ်(၅) လုံး၊ ခွက်မရွာက နေအိမ်(၁၅) လုံး၊ ကျွဲမကိုင်းရွာက နေအိမ်အလုံး(၄၀) ခန့် တို့ဖြစ်တယ်လို့ သိပါတယ်။

“တချို့ကတော့ ဘေးလွတ်မယ်ထင်တဲ့ ဆွေမျိုးတွေဆီကိုသွားတာရှိတယ် တချို့ကကြတော့ ရဲဘော်တွေနဲ့နီးတဲ့နေရာမှာ ကြုံသလိုနေကြရတာရှိတယ် ဒါကအဖြစ်မှန်ပဲ တချို့လည်း မိသားစုရှိတဲ့ မြို့ပေါ်ကို နည်းနည်းပါးပါး တက်ရှောင်ရတာရှိတယ်။ ရွာတွေပျက်ကုန်တာပေါ့ ဘယ်သူမှမရှိပါဘူး” သာယာဝတီမြို့နယ်တော်လှန်ရေးနိုင်ငံရေးအဖွဲ့ ဒုတာဝန်ခံကိုလူအေး က ဒို့ပြည်ကိုပြောပါတယ်။

မီးရှို့ခံထားရတဲ့ကျေးရွာအနီးနဲ့ ရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှိနေသေးတဲ့အတွက် ဒေသတွင်းပြည်သူတွေဟာ နေအိမ်တွေကို ပြန်နေနိုင်တာမရှိသေးဘဲ ဖြစ်သလိုနေထိုင်ကြရတဲ့အတွက် အခက်ခဲတွေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ပို့ပေးနိုင်တာက ဆယ်ဂဏာန်းပဲရှိတယ် ကျေးရွာသူကျေးရွာသားတွေက တော်တော်ကို ဒုက္ခရောက်နေတယ်။ လက်ရှိကရက်ပိုင်းပဲရှိတော့ စစ်–တွေကလည်း ဒီရွာတွေကို တချို့ရွာတွေမှာရှိနေသေးတော့ ပြန်လာရင်လည်း သတ်မှာ ဖြတ်မှာလည်းကြောက်ရသေးတော့ အဲဒါတွေလည်း ရှိတော့ဘယ်သူမှ မပြန်ရဲသေးဘူး” လို့ ကိုလူအေးက ဆက်ပြောပါတယ်။

ဇွန်လ ၁၆ ရက်နေ့က တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဖြတ်သန်းသွားတဲ့ ပြည်သူ ၃ ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို ဒေသခံအသက်(၈၀) ခန့်ရှိ အမျိုးသမီးတဦးလည်း စစ်ကောင်စီလက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these