ကြို့ပင်ကောက်မှာ လက်နက်ကြီးထိမှန်လို့ ၂ ဦးထိခိုက်ဒဏ်ရာရပြီး မိန်းကလေးငယ် ၁ ဦး စိုးရိမ်ရ

ဇူလိုင် ၅၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ညောင်ပင်အိုင်ကျေးရွာစာသင်ကျောင်းပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွဆီက သိရပါတယ်။
 
ယမန်နေ့ ဇူလိုင်လ ၄ ရက် နေ့လည် ၂ နာရီဝန်းကျင်ခန့်က အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ မှာ တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကနေ လက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့တာလို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးရဲဘော်ကိုမိုးသီး က ဒို့ပြည်ကို ပြောပါတယ်။
 
“မနေ့ကလက်နက်ကြီးပစ်နေတာသုံးချက် ရွာပြင်ကိုနှစ်လုံးကျတယ်၊ ရွာထဲကိုတလုံးကျတယ်။ တယောက်ကတော့ ပြည်ဆေးရုံကြီးမှာ အသက်အန္တရာယယ်စိုးရိမ်ရတယ်။” လို့ တပ်ခွဲမှူးရဲဘော်ကိုမိုးသီး က ပြောပါတယ်။
 
ထိခိုက်ဒဏ်ရာရသူ မိန်းကလေးတဦးဖြစ်တဲ့ နော်မိုးညို(အသက် ၁၄ နှစ်) ဟာ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့အတွက် ပြည်မြို့နယ်ပြည်သူ့ဆေးရုံ ကြီးကိုပို့ဆောင်ကုသထားရတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်၊ မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အင်အား(၅၀၀) ခန့်နဲ့ ဖြန့်ကျက်စစ်ကြောင်းထိုးနေတာဖြစ်ပြီး မင်းလှမြို့နယ်ထဲကို စစ်ကြောင်းထိုးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ကလည်း ကြို့ပင်ကောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံရာချီပြီး စစ်ရှောင်တိမ်းခဲ့ရပါသေးတယ်။
 
ပုံစာ-ဇွန်လက ကြို့ပင်ကောက်မှာ စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်အပိုင်းအစများ(ပုံဟောင်း)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
YouTube- https://www.youtube.com/
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
Telegram- t.me/dohpyay

You may also like these