ပုလွေမှုတ်ချင်တဲ့ စစ်ကောင်စီနဲ့ ပါးပျဉ်ထောင်ဖို့မေ့နေတဲ့ အာစီယံမြွေကြီး

(#သရော်စာ)

ဇူလိုင် ၆၊ ၂၀၂၅။

လတ်တလောဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့၊ ရီချင်လိုက်တာဖတ်ဖတ်မောရင်ဘတ်နောက်ကကျောလို့တောင်ပြောရမလိုပဲဗျို့။ မဲစာရင်းမှားလို့ဆိုတဲ့ယုတ္တိမတန်တဲ့စွပ်စွဲချက်ကြီးနဲ့အာဏာလုခဲ့တဲ့ မအလ ကြီးတို့ စကစ အဖွဲ့ကြီး သောက်တလွဲလုပ်ဆောင်ချက်ကြီးတစ်ခု သတင်းလေ။

ဖြစ်ပုံက စကစယန္တရားကြီး အရှိန်မပျက်လည်ပတ်နိုင်အောင် ပါဝင်အားဖြည့်နေကြတဲ့ Non-Cdm ခွေးသွားစိပ်ကလေးတွေရဲ့ဒုက္ခပေါ့လေ။ စကစကြီးက ငလျင်ဘေးသင့်ဝန်ထမ်းတွေကို ဆန်၊ဆီ၊ဆား၊ငပိ အစရှိတာတွေကို ထောက်ပံ့ပေးသတဲ့လေ။ ၇ သောင်းကျော်ဖိုးလောက်တော့ရှိသပေါ့။ ဝန်ထမ်းအရေအတွက်ကလည်း တစ်သောင်းနီးပါး။ စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့နာမည်ကြီးမှအားမနာ၊စီမံခန့်ခွဲမှု တွင်းဆုံးကျလိုက်ပုံများ၊ ထောက်ပံ့မှုကို ၂ ခါပြုခဲ့သတဲ့လေ။တစ်ကြိမ်ကဝန်ကြီးဌါနကပေးပြီး တစ်ကြိမ်ကတော့ နေပြည်တော်ကောင်စီကပေးသတဲ့။

ဟော အခုကျတော့ ၂ ကြိမ်ပေးမိမှားလို့ တစ်ကြိမ်စာပြန်ပေးရမတဲ့လေ။ အဟေးဟေး ပေးပြီးစလစ်နံပတ်တစ်ပဲဟေ့။ ပေးပြီးသားပစ္စည်းပြန်တောင်းရင် မျက်စိစွံတတ်သကွ။ တကယ့် အာဂ စီမံအုပ်ချုပ်ရေးကောင်စီကြီးပါတကား။

အခုတလော မအလကြီးတစ်ယောက် ကမ္ဘာ့ သတင်းစာမျက်နှာပေါ် တနည်းနည်းနဲ့သူ့အခွက်ကြီးရောက်နေအောင် ကြိုးပမ်းနေပုံပါပဲ။

စကစကြီးကိုယ်တိုင်တောင်မှ ဘောင်မဝင်တန်းမဝင်၊ အဘယ်မည်သောနိုင်ငံကမှ အစိုးရအရာမသွင်းတာလက်တွေ့။ စိန၊ ရုရှတို့လောက်ကသာပဲ အားနာပါးနာနဲ့အဖက်လုပ်နေကြတာ။ ဒါတောင်ပြဇာတ်စကားတစ်ခုလို မင်းချစ်တာငါသိပါတယ်ဆိုတာမျိုးလေ။

ဗုံမဝင်ဆုံမဝင် စကစကြီးကအရှေ့တီမောနိုင်ငံအာစီယံအဖွဲ့ဝင် ဖြစ်မြောက်ရေးကိစ္စကို ကန့်ကွက်စာပေးပို့ပြန်သတဲ့ဗျာတို့။

ကန့်ကွက်ရခြင်းအကြောင်းပြချက်ကြီးက ၊စကစ အာဏာလုတဲ့ကိစ္စကိုမထောက်ခံလို့ဆိုပါရော။ ပြီးတော့ NUG တို့ဘာတို့လိုတော်လှန်ရေးအင်အားစုတွေနဲ့ ပရောပရီလုပ်လို့ဆိုပဲ။ အောင်မယ် အာဏာလု အဖွဲ့ကြီးက အရှေ့တီမောကိစ္စကျမှ အာဆီယံပဋိဉာဥ်တွေဘာတွေ ထအော်နေပြန်သကိုး။ အာဏာလုအဖွဲ့ကြီးကိုယ်တိုင်ကျ အာဏာလုပြီးမကြာမတင်ကတည်းက အာဆီယံအဖွဲ့အစည်းကြီးနဲ့ ကတိကဝတ်တွေထားခဲ့ကြတဲ့ မူ၅ချက်ကိုဖုတ်လေသည့် ငပိရှိသည်ဟုပင်မထင် လုပ်ထားပြီးတော့လေ။

ဇေယျတု အထင်တော့ မအလကြီးတို့အဖွဲ့ဟာ အာဆီယံအဖွဲ့ကြီးကိုများ အာဏာသိမ်းဖို့ကြံစည်နေရော့သလားပဲ။ အခုပဲကြည့်လေ အရှေ့တီမောကိစ္စမှာ သူတပါးပြည်တွင်းရေးဝင်ရောက်တယ်ဘာညာနဲ့လေ။ အရှေ့တီမောက အာဆီမယမ်ခင်ကတည်းက ပြောဆိုပတ်သက်ထားတာလေ စကစ ကြီးရဲ့။

စကစ က မြွေအလိမ္မာယ်ဆရာလို ပုလွေမှုတ်ပြီး အာစီယံကိုသူခိုင်းချင်တာကိုပဲ ယိမ်းစေချင်ပြန်တာကို။ ခက်တာကလည်း အာစီယံကြီးကိုယ်တိုင်ကက ပါးပျဉ်းထောင်ဖို့ မေ့နေတဲ့ မြွေကြီးဖြစ်နေပြီလားတောင် ထင်မိပါရဲ့ဗျာ။

ဒီတော့ အာဆီယံအဖွဲ့ကြီးကို ပုံပြင်တစ်ပုဒ်ပြောပြလိုက်ချင်ပါရဲ့လေ။ တခါကရွာတစ်ရွာအနီးက ချုံနွယ်ထူထပ်တဲ့လမ်းမှာ မြွေဟောက်ကြီးတစ်ကောင်နေထိုင်သတဲ့။ အဲဒီမြွေဟောက်ကြီးဟာ ဆိုးသွမ်းစွာနဲ့ပဲဖြတ်သွားဖြတ်လာ ရွာသူရွာသားမှန်သမျှကို ကိုက်တော့တာပဲတဲ့လေ။

ရွာသူရွာသားတွေခမျာတောလုပ်တောကိုင်ကလေးတောင်ရဲရဲတင်းတင်းသွားမလုပ်ရဲရှာဘူးပေါ့။မြွေဟောက်ကြီးကနောက်ပိုင်းကျရွာထဲထိ၊ အိမ်ပေါ်ထိလာပြီးထိပါးလာတော့တာကိုး။နောက်ဆုံးတော့ရွာသားတွေဟာ သူတို့ကိုးကွယ်တဲ့ရသေ့ကြီးကို အကူအညီတောင်းရတော့တာပေါ့။ ရသေ့ကြီးလည်းမြွေဟောက်ကြီးရှိရာကိုလိုက်လာတာပေါ့။ မြွေကြီးဆီရောက်တော့ ရသေ့ကိုမြွေကြီးကသမတော့တာပေါ့။ ဒါပေမယ့် မြွေကြီးဘယ်လိုပေါက်ပေါက်မထိရောက်ဘူးပေါ့။ အဲဒီမှာရသေ့ကြီးက မြွေကြီးကိုတရားပြသပေါ့။ မေတ္တာထားဖို့သီးခံဖို့ပေါ့လေ။ မြွေကြီးလည်းကတိပေးပြီးနေခဲ့တာပေါ့။

အဲဒီနောက်တော့ရွာသားတွေဟာ မေတ္တာရှင်မြွေဟောက်ကြီးကိုမကြောက်တော့ပဲ မလေးမစားတွေတောင်လုပ်လာကြတော့တာပေါ့။ နောက်ဆုံးမြွေဟောက်ကြီးအမြှီးကကိုင်ပြီးတစ်ယောက်တစ်လှည့်ရမ်းကြေးလည်းဆိုရော မြွေဟောက်ကြီးလည်း ရသေ့ကျောင်းသင်ခန်းကိုပြေးရတော့တာပေါ့။ ရသေ့ကြီးကိုအကြောင်းစုံပြောပြတော့ ရသေ့ကြီးခမျာရီလိုက်တာရေတောင်သီးသတဲ့လေ။ပြီးတော့ အသင်မြွေဟောက်ကြီး ။ သင့်ကိုတရားဟောတုန်းက မကိုက်ပါနဲ့လို့ပဲဟောခဲ့တာလေ၊ ပါးပျဥ်းမထောင်ရလို့မပါပါဘူး။ အဲဒီတော့ မြွေဟောက်မှန်းသိအောင် ပါးပျဥ်းတော့ထောင်ပါ။

အဲဒီပုံပြင်လေးလို ဗုံမဝင်ဆုံမဝင်စစ်အုပ်စုပ်ကို၊ အာဆီယံအနေနဲ့ ပါးပျဥ်းလေးတော့ထောင်ပြဖို့အချိန်တန် ပါပြီလေ။

ရေးသားသူ-ဇေယျတု
သရုပ်ဖော်-ညိုမြ
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these