စနိုက်ပါနဲ့ပစ်ခံရလို့ သဲကုန်းမြို့ စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး သေဆုံး

ဇူလိုင် ၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တယ်သီးပင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း Sniperအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ပြည်မြို့ဘက်မှ သဲကုန်းမြို့ကိုအဝင် နေရာဖြစ်တဲ့ တယ်သီးပင်ဂိတ်ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား(၁) ဦး သေဆုံးကာ (၁) ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ပစ်ခတ်တဲ့အချိန်မှာ အဲဂိတ်မှာ(၆) ယောက်ပဲရှိတယ်။ သေဆုံးတာကတော့ မျက်မြင်အရနေရာမှာတင် ပွဲချင်းပြီးတလောင်းသေသွားတယ်။ တယောက်ကတော့ ဒဏ်ရာရသွားတယ်။” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ဒို့ပြည် ကိုပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ရွှေတောင်ကုတင်(၁၀၀) စစ်ဆေးရုံကိုသယ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဂိတ်စခန်းက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာမျိုး ရှိပြီး တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီဂိတ်စခန်းကို အင်အားတိုးချဲ့တာ၊ ကင်းပုန်းဝပ်တာနဲ့ အစစ်ဆေးတင်းကျပ်နေတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ဟာ စျေးသွားစျေးပြန် ပြည်သူတွေကိုစစ်ဆေးငွေတောင်းတာ၊ စျေးကုန်တွေကိုသိမ်းဆည်းတတ်တာ၊ ဆဲဆိုတာ အပြင် လူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲတတ်တယ်လို့ ၃၆၀၁ (PPDF) တပ်ရင်း က ဖော်ပြပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these